ရာဘာစိုက်ပျိုးရေး စီမံကိန်းအတွက် ရှမ်းပြည်နယ်အတွင်းရှိ တောင်သူလယ်သမားများထံမှ သိမ်းဆည်းထားသည့် လယ်မြေများ ပြန်လည် ရရှိရေးအတွက် သမ္မတဆီထံ စာတင်တောင်းဆိုသွားမည်ဟု လယ်မြေသိမ်းဆည်ခံရသူ ကိုစိုင်းယော်က မဇ္စျိမကို ပြောသည်။
"ကျွန်တော်တို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ကို လယ်မြေတွေ ပြန်ရဖို့ကို စာတင်ထားတယ်၊ ဘာမှ အကြောင်းမထူး ဘူး။ တရားဥပဒေအတိုင်းပဲ လုပ်ပါမယ်။ ဆန္ဒပြတာတို့တော့ မလုပ်ပါဘူး။ ဒီသတင်းစာရှင်းပွဲ ပြီးရင် သမ္မတဆီကို စာတင်သွားပါမယ်" ဟု ၎င်းကဆိုသည်။
သတင်းစာရှင်းပွဲကို “နားဆိုင်းဒေသအတွင်း ရာဘာစိုက်ပျိုးရေးစီမံကိန်းအတွက် သိမ်းဆည်းလယ်ယာမြေများ အားပြန်ပေးရန်” ခေါင်းစဉ်ဖြင့် ဇန်နဝါရီ ၂၄ရက်တွင် တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက်ရှိ Classic စားသောက်ဆိုင်တွင် ပြုလုပ်ကျင်းပမည် ဖြစ်သည်။
T&C ကုမ္ပဏီက ရာဘာစိုက်ပျိုးစီမံကိန်း အတွက် တောင်သူလယ်သမားထံမှ သိမ်းဆည်းထားသည့် လယ်မြေများကို မူလပိုင်ရှင်ဖြစ် သည့် တောင်သူများထံ ပြန်လည်ပေးရန်နှင့် မစိုက်ပျိုးရသေးသည့် လယ်ယာမြေများကိုလည်း ထိုက်တန်သည့် နစ်နာကြေးပေးရန် တောင်းဆို သွားမည်ဟု ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် နားဆိုင်းကျေးရွာ အုပ်စုအတွင်း ကုမ္ပဏီ၏ ရာဘာစိုက်ပျိုးရေး စီမံကိန်း အတွက် ဒေသခံ တောင်သူလယ်သမားများ၏ စိုက်ပျိုးမြေ ဧက ၁၅၀၀ကို ၂၀၀၆ -၂၀၀၇ ခုနှစ်တွင် သိမ်းဆည်းခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည့် ဒေသခံ တောင်သူများက ဆိုသည်။
မြေသိမ်းဆည်းခံ တောင်သူ ၆၈ဦးက ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ရှမ်းပြည်နယ် ဝန်ကြီးထံ ၎င်းတို့ လယ်ယာမြေများ ပြန်ရရှိရေး အတွက် တောင်းဆို တိုင်ကြားခဲ့သော်လည်း ယခုအချိန်အထိ အကြောင်းတစ်စုံ တစ်ရာ ထူးခြားမှု မရှိ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး သမ္မတထံအထိ စာတင်ရန် စီစဉ်ခြင်း ဖြစ်သည်ဟု ကိုစိုင်းယော်က ဆိုသည်။
လယ်ယာမြေများ သိမ်းဆည်းခဲ့စဉ်က လယ်သမားများနှင့် ရွာသားများအတွက် ကုမ္ပဏီမှ နစ်နာကြေးအတွက် တစ်ဧကလျှင် ကျပ် တစ်သောင်းမှ သုံးသောင်းအထိ ပေးခဲ့သည်ဟုလည်း သိရသည်။
သိမ်းဆည်းခဲ့စဉ်တွင် လယ်သမားများနှင့် ရွာသားများ၏ နစ်နာကြေးအဖြင့် ကျပ်တစ်သောင်းမှ အမြင့်ဆုံး သုံးသောင်း အထိ လျှော်ကြေးအဖြစ် ကုမ္ပမှ ပေးခဲ့သည် ဟု ၎င်းကဆိုသည်။