တက္ကသိုလ် ကျောင်းသား သမဂ္ဂများက ပြင်ဆင်ပေးရန် ဆန္ဒပြတောင်းဆိုလျက်ရှိသည့် အမျိုးသားပညာရေး ဥပဒေကြမ်းအား ပြည်ထောင်စု လွှတ်တော်က ပြန်လည်သုံးသပ်ပေးရန် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်သို့ ဇန်နဝါရီလ ၁၉ ရက် နေ့စွဲဖြင့် သဝဏ်လွှာ ပေးပို့လိုက်သည်။
အမျိုးသားပညာရေးဥပဒေပါ အချက်အချို့အား ပြင်ဆင်ပေးရန် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင် ကျောင်းသားများက ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ၁၇ ရက်က တောင်းဆိုထားပြီး ဇန်နဝါရီလ ၁၆ ရက်အထိ ရက်ပေါင်း ၆၀အတွင်း တုန့်ပြန်မှုမရှိ၍ သပိတ်မှောက်၊ ဆန္ဒဖော်ထုတ်မှုများကိုလည်း ဇန်နဝါရီ ၂၀ရက် နံနက်က မန္တလေးမြို့တွင် စတင်လိုက်ပြီ ဖြစ်သည်။
အမျိုးသားပညာရေးဥပဒေတွင် ဗဟိုချုပ်ကိုင်မှု လျှော့ချပေးရန် အမျိုးသားပညာရေးကော်မရှင် မလိုအပ်ကြောင်း တောင်းဆိုမှုနှင့် အလားတူ အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ မလိုအပ်ကြောင်း တောင်းဆိုမှု၊ ဆရာသမဂ္ဂ၊ ကျောင်းသားသမဂများ ဖွဲ့စည်းနိုင်ရေး စသည့် အချက်များ အပါအဝင် တောင်းဆိုထားသည်။
ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ် ဝန်ကြီးဌာန အဖွဲ့အစည်းများက ပြုစုရေးဆွဲလျက်ရှိသော နည်းဥပဒေများ (မူကြမ်း) တွင် ဆရာ အဖွဲ့အစည်းများ၊ ပညာရှင်များ၊ ကျောင်းသားအဖွဲ့အစည်းများကို လွတ်လပ်စွာ စည်းကမ်းတကျ ဒီမိုကရေစီနည်းလမ်းနှင့် အညီဖွဲ့စည်းနိုင်ရေး ကို ပညာရေးဝန်ကြီးဌာနနှင့် ပညာရှင်များက တင်ပြထားသည်ဟု ဆိုသည်။
တိုင်းရင်းသားစာပေနှင့် ဘာသာစကားသင်ကြားသင်ယူမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြဌာန်းချက်များကို အမျိုးသား ပညာရေး ဥပဒေတွင် အတိအလင်းဖော်ပြပြီးဖြစ်သည့်အတွက် နည်းဥပဒေများတွင် အသေးစိတ်ပြဌာန်းသွားမည်ဟုလည်း ဖော်ပြထားသည်။
ထို့ပြင် အရည်အသွေးအကဲဖြတ်မှုနှင့် အရည်အသွေး အာမခံမှု ပြဋ္ဌာန်းချက်များကို အမျိုးသား ပညာရေး ဥပဒေတွင် ထည့်သွင်းပြဌာန်း ထားပြီး အသေးစိတ်ကို နည်းဥပဒေများတွင် ဖော်ပြမည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။
ပြည်ထောင်စု အစိုးရအနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပညာရှင်များက ဆွေးနွေးညှိနှိုင်း တင်ပြချက်များအပေါ် ပြန်လည်လေ့လာ သုံးသပ်ခဲ့ရာ အထက်ဖော်ပြပါ တင်ပြချက်များအား ပြင်ဆင်ပေးခြင်းဖြင့် အမျိုးသားပညာရေး အဆင့်အတန်း တိုးတက်ရေး ဦးတည်ချက်အား မထိခိုက်စေသည့် အပြင် အေးချမ်းစွာ ပညာသင်ကြားရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက်များစွာ အထောက်အကူပြုစေမည် ဖြစ် သဖြင့် ပြန်လည်သုံးသပ် ပြင်ဆင်ပေးနိုင်ပါရန် ပေးပို့ခြင်းဖြစ် သည်ဟု ဖော်ပြထားသည်။
ထို့ပြင်ပြည်ထောင်စုလွှတ်တော်က အမျိုးသားပညာရေးဥပဒေအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်တွင် အတည်ပြုပြဌာန်းခဲ့ရာ ဥပဒေပါ ပြဌာန်းချက်များ၏ ၄၆ ရာခိုင်နှုန်းမှာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့၏ တင်ပြချက်များဖြစ်ပြီး ၅၄ ရာခိုင်နှုန်းမှာ ပညာရေးဝန်ကြီးဌာနက တင်ပြချက်များဖြစ်သည်ဟု ဆက်လက်ဖော်ပြထားသည်။
ဥပဒေကြမ်းအား လက်မှတ်ရေးထိုးနိုင်ရေး သမ္မတ ထံသို့ပေးပို့ခဲ့ရာ သမ္မတက သဘောမှတ်ချက် ၂၅ ချက်ဖြင့် ပြင်ဆင်ရန်ပေးပို့ခဲ့သည့် အနက် ပြည်ထောင်စုလွှတ်တော်က ၁၉ ချက်ကို လက်ခံပြင်ဆင်ပေးခဲ့ပြီး ကျန်အချက်များအား မူလဆုံးဖြတ်ချက်အတိုင်း ထားရှိ၍ ပြဋ္ဌာန်းခဲ့သည်ဟု ဖော်ပြထားသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၉၇၊ ပုဒ်မခွဲ(က)အရ ပညာရေးဝန်ကြီးဌာနသည် ပြဌာန်းပြီးဖြစ်သည့် အမျိုးသား ပညာရေး ဥပဒေနှင့် သက်ဆိုင်သော နည်းဥပဒေများနှင့် ဆက်စပ်ဥပဒေများကို ဆက်လက်ရေးဆွဲရ မည် ဖြစ်သည်။
မကြာမီက ပြဌာန်းခဲ့ပြီး လက်တွေ့မကျင့်သုံးရသေးသည့် ဥပဒေကို ပြန်လည်ပြင်ဆင်ရန် တောင်းဆိုမှုနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာနက ဆောင်ရွက်ပေးနိုင်သည့် ဥပဒေမူဘောင်အတိုင်းအတာအတွင်း မရှိသည့်အတွက် ဥပဒေပြုရေးအပိုင်းက ပြန်လည်စဉ်းစားရန် လိုအပ်ပါသည်ဟု ဆိုသည်။