ကေအိုင်အေက ဖမ်းဆီးခဲ့သည့် ရဲသုံးဦးကို အစိုးရထံ လွှဲပြောင်းပေးပြီ

ကေအိုင်အေက ဖမ်းဆီးခဲ့သည့် ရဲသုံးဦးကို အစိုးရထံ လွှဲပြောင်းပေးပြီ
by -
မဇ္စျိမ

ကချင် လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) က ငါးရက်ကြာ ဖမ်းဆီးခဲ့သည့် ကချင် လမ်းပန်းဆက် သွယ်ရေး ဝန်ကြီး ကမန်းဒူနော်၏ လမ်းကြောင်းတွင် လုံခြံုရေးလိုက်ပါသည့် ရဲသုံးဦးကို ကေအိုင်အေက ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) က တစ်ဆင့် ဖားကန့်မြို့ အစိုးရ တာဝန်ရှိသူများထံ ဇန်နဝါရီ ၁၉ရက် ညနေတွင် လွှဲပြောင်းပေးလိုက်ပြီဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ (PCG) မှ ဦးလမိုင်ဂွမ်ဂျာက မဇ္စျိမကို ပြောသည်။

“၄ နာရီမှာ ကျွန်တော်တို့ PCG ကိုလွဲလိုက်ပါပြီ။ အခုကားနဲ့ လမ်းမှာပါ။ ၆ နာရီလောက်မှာ ဖားကန့်မြို့နယ် ရဲမှူးနဲ့ အုပ်ချုပ်ရေးမှူးတွေ လက်ထဲ လပေးမယ်။ ကေအိုင်အိုတွေရှိနေတဲ့ ဂျာရာယန်ရွာမှာ သွားခေါ်နိုင်ပါတယ်။ သူတို့ အားလုံး ကျန်းကျန်းမာမာပါပဲ။ ကေအိုင်အိုက ကိုယ်ထိလက်ရောက်ဘာမှ မလုပ်ဘူးလို့ ပြောတယ်” ဟု ဦးလမိုင်ဂွမ်ဂျာက မဇ္စျိမကို ပြောသည်။

ဇန်နဝါရီလ ၁၉ ရက် နံနက် ၁၀ နာရီ ဖားကန့်မြို့တွင် အစိုးရ၏ တပ်မ ၆၆ တပ်ရင်းမှူးနှင့် PCG ကိုယ်စားလှယ် ၄ ဦးတို့ ဖမ်းဆီးထားသော ရဲတပ်ဖွဲ့ဝင် သုံးဦးအား လွှဲပြောင်းပေးရန်မည်ဟု ညှိနှိုင်းခဲ့ပြီးနောက် ဖားကန့်မြို့နယ်ရှိ KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ ဒေသ ဂျာရာယန်ကျေးရွာမှ သွားရောက် ခေါ် ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်၏ လမ်းကြောင်းတွင် လိုက်ပါသွားသော လုံခြံုရေးတပ်ဖွဲ့ဝင် သုံးဦးကို ကေအိုင်အေ ဗဟိုဌာနချုပ်၏ ညွန်ကြားချက်အရ ဇန်နဝါရီလ ၁၈ ရက်က ဖားကန့်သို့ သွားရောက်၍ ပြန်လည် လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်သည်။

ယင်းရဲတပ်ဖွဲ့ဝင် သုံးဦးကို ဇန်နဝါရီလ ၁၄ ရက်က ဖားကန့်လမ်း ဝှေလုံကျေးရွာအနီးတွင် KIA က ဖမ်းဆီးခဲ့ပြီးနောက် အစိုးရ စစ်တပ်မှ KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ ဒေသသို့ ထိုးစစ်ဆင် တိုက်ခိုက်လာသဖြင့် ဇန်နဝါရီ ၁၅ရက်မှ ၁၈အထိ လေးရက်ဆက်တိုက် တိုက်ပွဲ ပြင်းထန်ခဲ့သည်။ ၁၉ရက်တွင် ဆက်လက်ဖြစ်ပွားမှု ရှိမရှိကိုမူ မသိရသေးဟု ၎င်းက ပြောသည်။

ရက်ပိုင်းအတွင်း တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့၍ KIA ၏ ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့က အစိုးရ၏ ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး သန်းအောင်ထံ ထိုးစစ်ဆင်တိုက်ခိုက်နေမှုကို အလျှင်အမြန် ရပ်တန့်ပြီး အပြန်အလှန် ဆက်သွယ်ညှိနှိုင်းအဖြေရှာရန် စာပို့ တောင်းဆိုခဲ့သေးသည်။

ထို့ပြင် တိုက်ပွဲအတွင်း ပိတ်မိနေသော သန်းဂေါင်ရွာ(အောင်ဘာလေ)မှ စစ်ပြေးဒုက္ခသည်များအရေးနှင့် ပတ်သက်၍ တပ်မဟာ ၆၆ တပ်ရင်းမှူးက ခေါ်ခွင့်ပြုလိုက်သဖြင့် ဇန်နဝါရီလ ၂၀ ရက်တွင် ကျေးရွာသားများအား PCG ကိုယ်စားလှယ်များက သွားရောက် တွေ့ဆုံမည်ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

“ရွာသားတွေနဲ့ ပတ်သက်လို့ တပ်မမှူးနဲ့ ညှိနှိုင်းပြီးပြီ။ ရွာသားတွေကို သွားခေါ်ဖို့ ခွင့်ပြုချက်ရပြီ။ ဒါပေမဲ့ ရွာသားတွေက ဒီကို မဆင်းလာ ချင်ဘူး။ သူတို့အောင်ဘာလေရွာမှာပဲ ပြန်သွားမယ်လို့လည်း ပြော တယ်လို့ ပြောတယ်။ ဒါဆိုရင် ကျွန်တော်တို့ သွားမေးကြည့်မယ်။ ရွာသားတွေ ဆင်းလာမယ်ဆိုရင် ဘယ်လို လုပ်မလဲဆိုတာ ပြန်ညှိရအောင်။ ဒါကြောင့် ရွာသားတွေကို အရင် သွားမေးကြည့်မယ်ဆိုပြီး ညှိနှိုင်းထားတယ်” ဟု သူက ပြောသည်။

ဇန်နဝါရီလ ၁၇ ရက် ဖာကန့်မြို့မှ ဘာသာရေးခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများက ကားအစီး ၁၀၀ ကျော်နှင့်အတူ ပိတ်မိနေသော ကျေးရွာသားများအား ခေါ်ယူရန် သွားရောက်ခဲ့သော်လည်း ဆန်ခါကျေးရွာရှိ အစိုးရ စစ်တပ်က ခွင့်မပြုခဲ့ဘဲ ဇန်နဝါရီလ ၁၈ ရက်တွင်မူ PCG နှင့် အစိုးရအဖွဲ့တို့ ညှိနှိုင်းမည် ဆိုသဖြင့် ကယ်ဆယ်ရေးအဖွဲ့များ လူစုခွဲခဲ့ကြသည်ဟု ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ဦးဒရှီလဆိုင်းက မဇ္စျိမကို ပြောသည်။

တိုက်ပွဲများကြောင့် ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးက ဖားကန့်မြို့ရှိ ရပ်မိရပ်ဖများကို ခေါ်ယူပြီး အစည်းအဝေးတစ်ရပ် ခေါ်ယူခဲ့ရသည်ဟု ဆိုသည်။                      

“ဖားကန့်မှာ တိုက်ပွဲကြောင့် ကုမ္ပဏီတွေ ပိတ်လိုက်ရတယ်။ ပိတ်လိုက်တော့ ဖားကန့်မှာရှိတဲ့ ရေမဆေး အခြေခံ လူတန်းစားတွေ ကုမ္ပဏီတွေမှာ ဝင်ရောက်ပြီးတော့ ကျောက်တွေ ရှာဖွေတဲ့အခါ တချို့ အဆောင်တွေ ဖျက်ဆီးတာတွေ ရှိလာတယ်ဆိုတော့ ဖားကန့်မြို့ရဲ့ နယ်မြေအေးချမ်းရေး ပျက်ပြားလာနိုင်တယ်ဆို တဲ့အကြောင်းကို အုပ်ချုပ်ရေးမှူးက အဲဒီလို မဖြစ်အောင် အားလုံး ထိန်းသိမ်းကြဖို့ ပြောတယ်” ဟု သူက ပြောသည်။

Most read this week