အမေရိကန်ပြည်ထောင်စုမှ ကွန်ဂရက်အမတ် တစ်ဦးက မျက်မှောက်မြန်မာ့နိုင်ငံရေး အခြေအနေကို ဒေသ တွင်းနိုင်ငံများနှင့် နှိုင်းယှဉ်၍ ချီးကျူးလိုက်ပြီး အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာဖွယ်ရှိကြောင်း ဇန်နဝါရီ ၁၈ ရက်က ရန်ကုန်မြို့၊ မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး စင်တာ၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဒုတိယမြောက် အသက်အငယ်ဆုံး အမေရိကန် ကွန်ဂရက်အမတ်ဟု ဝန်ကြီး ဦးအောင်မင်းက မိတ်ဆက်ခဲ့သူ၊ အမတ်အဖြစ် ခုနစ်နှစ်ကြာ ဆောင်ရွက်ဆဲရှိသူ အောက်လွှတ်တော်အမတ် မစ္စတာ အေရွန်ရှော့ခ် က မြန်မာ့သတင်းလွတ်လပ်ခွင့်၊ တရားဥပဒေစိုးမိုး မှု၊ ရွှေ့ပြောင်း/ မရွှေ့ ပြောင်းနိုင်သော ပစ္စည်းပိုင်ဆိုင် ခွင့်တို့ကို အသိအမှတ်ပြု ချီးကျူးခဲ့သည်။
ခရီးစဉ်အတွင်း အစိုးရနှင့်တွေ့ဆုံ ဆွေးနွေးမှုများနှင့် မျက်မြင်အခြေအနေများကို အမေရိကန်ပြည်ထောင်စုရှိ စီးပွားရေးလုပ်ငန်းရှင် များကို ပြန်လည်ရှင်းပြပြီး နောက်တစ်ကြိမ် မြန်မာနိုင်ငံခရီးစဉ်တွင် တစ်ပါတည်း ပါလာအောင် ခေါ်ဆောင်လာမည်ဟု ၄င်းက ပြောသည်။
''မြန်မာနိုင်ငံမှာ နှင်းရှိသလား၊ နှင်းလုံးလေးတွေဟာလှိမ့်ရင်း တဖြည်းဖြည်းကြီးလာသလို အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေလည်း တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်ကနေ များလာမှာပေါ့'' ဟု အေရွန် က ပြောသည်။
သို့သော် အမေရိကန်စီးပွားရေးသမားများသည် ရွှေ့ပြောင်း/ မရွှေ့ပြောင်းနိုင်သော ပစ္စည်းပိုင်ဆိုင်ခွင့် မရှိ သည့်နိုင်ငံ၊ ဉာဏပစ္စည်းမူပိုင်ခွင့် မရှိသည့်နိုင်ငံ၊ တရားဥပဒေစိုးမိုးမှုနှင့် သတင်းစာလွတ်လပ်ခွင့် မရှိသည့် နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှု မပြုလိုကြဟုလည်း ကွန်ဂရက်အမတ်က ထောက်ပြပြောဆိုခဲ့သည်။
အမေရိကန်ကွန်ဂရက်အမတ် အေရွန်ရှော့ခ်သည် အသက်ငယ်ပြီး စိတ်ရင်းဖြောင့်ပုံရကြောင်း၊ သူ၏ ပထမအကြိမ် မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပြီး အမေရိကန် ကွန်ဂရက်နှင့် မြန်မာအစိုးရတို့၏ အဆက်အဆံကလည်း နည်းလွန်းသဖြင့် မြန်မာ့အရေးအပေါ် အကောင်းမြင်လွန်းပုံရကြောင်း သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူ သတင်းစာဆရာ ဒေါက်တာဇော်သန်းက သုံးသပ်သည်။
အမေရိကန်ဒီမိုကရေစီနှင့် အမေရိကန် ကွန်ဂရက် (ထက်/အောက် လွှတ်တော်နှစ်ရပ်ပေါင်း)သည် လည်း ခြောက်ပစ်ကင်း သဲလဲစင် မဟုတ်ကြောင်းကို မစ္စတာရှော့ခ်က ပြောပြီး မျက်မှောက်မြန်မာ့အပြောင်း အလဲ များသည် လွန်ခဲ့သော အနှစ် ၃ဝ က မြန်မာနိုင်ငံနှင့် နှိုင်းယှဉ် လိုက်ပါက အံ့သြစရာဖြစ်ပါသည်ဟု အသက် ၃၃ နှစ်အရွယ် အမေရိကန်အမတ်က ပြောသည်။
''မြန်မာနိုင်ငံမှာ လူမျိုးက ၁၃၅ မျိုးရှိတယ်။ ဘာသာရေးကလည်း အမေရိကန် ထက်တောင်များသေးတယ်။ ဒီကြားထဲက ဒီလောက် လုပ်နိုင်တာ တော်ပါတယ်။ ငြင်းခုန်တာတွေ၊ သဘောမညီတာတွေကို ငြိမ်းငြိမ်း ချမ်းချမ်း လုပ်ဆောင်နိုင်ဖို့လိုပါတယ်'' ဟု ၎င်းက ပြောသည်။
မကြာမီကာလတွင် အမေရိကန် ကွန်ဂရက် အမတ်များ လာရောက်မည်ဖြစ်သကဲ့သို့ မြန်မာဘက်မှလည်း အမေရိကန်သို့ သွားရောက်ဦးမည် ဟု ဝန်ကြီး ဦးအောင်မင်းနှင့် မစ္စတာရှော့ခ်က သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့သည်။