မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုရှိစေရန် တန်းတူရည်တူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပေးရမည်ဟု အာဏာရပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မူဝါဒတွင် ထည့်သွင်းထားသည်။
''တိုင်းရင်းသားအချင်းချင်း အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုအတွက် တန်းတူရည်တူခွင့်၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် ဒို့တာဝန်အရေး သုံးပါးကို မထိခိုက်စေဘဲ ဆောင်ရွက်စေရမည်'' ဟု ပါတီ၏ မူဝါဒအတွင်း ထည့်သွင်းထားသည်။
အဆိုပါ မူဝါဒကို ဇန်နဝါရီ ၁၇ ရက်က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဗဟိုကော်မတီ တတိယတီဆိုအကြိမ် အစည်းအဝေးတွင် တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော်က ပါတီဝင်များသို့ ဖတ် ကြားတင်ပြခဲ့ခြင်း ဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးတင့်ဇော်က ''ဒါက ကျွန်တော်တို့ပါတီက ငြိမ်းချမ်းရေးမှာ ပါဝင်တဲ့ မူဝါဒတွေကို ဗဟိုကော်မတီ အစည်းအဝေးမှာ ပါတီဝင်တွေကို ဖတ်ကြားတင်ပြတာပါ။ ပါတီရဲ့ ငြိမ်းချမ်း ရေးဖော်ဆောင်ရေး မူဝါဒပါ'' ဟု ပြောသည်။
ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာ တွင် ပြည်ထောင်စုမြန်မာတပ်မတော်နှင့် တိုင်းရင်းသား လက်နက် ကိုင်တို့သည် နိုင်ငံတော် ကာကွယ်ရေးအတွက် တစ်ပေါင်းတစ် စည်းတည်း ပူးပေါင်းဆောင်ရွက်ရေး၊ တိုင်း ရင်းသားတို့၏ စာပေ၊ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာများကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ဥပဒေများပြဋ္ဌာန်းကာ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး စသည့် ပြည်ခိုင်ဖြိုးက လိုက်နာကျင့်သုံး သည့် အချက် ၁၂ချက် ပါဝင်သည်။
ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှု ဆောင် ဦးအေးသာအောင်က ''အာဏာရပါတီက ချမှတ်ထားတဲ့ မူဝါဒအတိုင်း လုပ်တယ်ဆိုရင် အခုပြည်တွင်း ငြိမ်းချမ်းရေး ရနေပြီပေါ့။ လေးနှစ်တောင်ကျော်လာပြီ။ ရည်ရွယ် ချက်ဘယ်လောက်ကောင်းကောင်း အကောင်အထည် မဖော်ရင် ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ဘူး။ အခုလည်း ဘာအကောင်အထည်မှ ဖော်တာမတွေ့ပါဘူး'' ဟု မဇ္ဈိမကို ပြောသည်။
တိုင်းရင်းသားတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တန်းတူရည်တူခွင့်ပေးအပ်ရေးဆောင်ရွက် မည်ဆိုပါက ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံကိုပြင် ဆင်ရမည်ဖြစ်ပြီး ယင်းတွင် တိုင်းရင်းသား ဒေသများ၌ ကိုယ်ပိုင်စီမံပိုင်ခွင့်တို့ကို ခွင့်ပြုပေး ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အာဏာရပါတီမှ သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့ ဦးဆောင်လုပ်ကိုင်နေသည့် ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရေး လုပ်ငန်းများမှ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်သည့် အဆင့်သို့ မရောက်ရှိသေးသည့်အပြင် ကချင်လွတ်လပ်ရေး တပ်မတော် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တချို့တို့နှင့် လက်ရှိအချိန်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်။
သမ္မတကမူ လာမည့် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရန် တိုင်းရင်းသားများ ကို ပြောထားသည်။
ပြည်ခိုင်ဖြိုးပါတီသည် ၂ဝ၁ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာ ရ၆ ရာခိုင်နှုန်းအထိ အနိုင်ရကာ အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့သည့် ပါတီ ဖြစ်သည်။