ဗိုလ်တထောင်မြို့နယ်၊ ၄၁ လမ်းတွင်ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ ရိုက်နှက်မှုအတွက် နှစ်ဖက် အပြန်အလှန် အမှုဖွင့်ထားပြီး စစ်ဆေးနေသည်ဟု ဗိုလ်တထောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စိန်ဝေက ဇန်နဝါရီ ၁၈ ရက်တွင် မဇ္စျိမကို ပြောသည်။
အမှုဖြစ်စဉ်မှာ ဇန်နဝါရီ ၁၇ ရက်၊ နံနက် ၁ နာရီခန့်က ဗိုလ်တထောင်မြို့နယ် ၄၁ လမ်း၊ အသက် ၂၃ နှစ်အရွယ် ကိုအောင်သောင်းဦး အပါအဝင် တက္ကသိုလ်ကျောင်းသား လေးဦးနှင့် ရပ်ကွက်အတွင်းမှ လူ ၁၅ ဦးခန့် ခိုက်ရန်ဖြစ်ပွားခဲ့ကြပြီး ကိုအောင်သောင်းဦး၏ ဦးခေါင်းတွင် ဒဏ်ရာရရှိကာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး တွင် အတွင်းလူနာအဖြစ်လည်းကောင်း၊ အခြားကျောင်းသားများမှာလည်း ပြင်ပလူနာအဖြစ် တက်ရောက် ကုသမှုခံယူခဲ့ရသည်။
ထို့အတူ ကိုအောင်သောင်းဦး အပါအဝင် လေးဦးမှ ဆဲဆိုကြိမ်းမောင်း ဆောင့်တွန်းခဲ့သဖြင့် အဆိုပါရပ်ကွက်၏ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးစိန်ဝင်းတွင် ခါးနာကျင်ဒဏ်ရာရရှိခဲ့သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
ဗိုလ်တထောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိန်ဝေက "အမှုနဲ့ပတ်သက်ပြီး နှစ်ဖက်အပြန်အလှန်အမှုဖွင့် စစ်ဆေးနေပါတယ်။ နှစ်ဘက် အပြန်အလှန်ပါဝင်ခဲ့သူတွေကို စစ်ဆေးနေပြီး ဖမ်းဆီးထိန်းသိမ်းထား တာမျိုးတော့ မရှိသေးပါဘူး။ ဗကသအဖွဲ့က ဟုတ်၊ မဟုတ်ဆိုတာကိုလဲ စုံစမ်းဆောင်ရွက်နေပါတယ်" ဟု ပြောသည်။
ဗကသ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက အဆိုပါ ကျောင်းသားများသည် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ပေးရန် တောင်းဆိုမှုများနှင့် ပတ်သက်၍ ဗကသအဖွဲ့ချုပ်တွင် လာရောက်လေ့လာနေသော တက္ကသိုလ်ကျောင်းသားများဖြစ်ပြီး မှော်ဘီ နည်းပညာ တက္ကသိုလ်၊ အမျိုးသား ယဉ်ကျေးမှု တက္ကသိုလ်တို့မှ ဖြစ် သည်ဟု အတည်ပြုပြောဆိုသည်။
"အတွင်းလူနာအဖြစ် ကုသနေရတဲ့ တစ်ယောက်က မျက်နှာမှာ နှစ်ချက်ချုပ်လိုက်ရတယ်။ စကားလည်း ကောင်းကောင်း မပြောနိုင်ဘူး။ ဦးခေါင်းထိသွားတဲ့အတွက်။ နည်းနည်းစိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်" ဟု ကိုကျော်ကိုကိုက ပြောသည်။
အဆိုပါဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ကိုအောင်သောင်းဦးအပါအဝင် ကျောင်းသားလေးဦး ဒဏ်ရာရရှိမှုအတွက် ဗိုလ်တထောင်မြို့မရဲစခန်းက (ပ) ၈/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၂၃/၃၂၅/၄၀၃/၁၁၄ ၊ ဦးစိန်ဝင်း ဒဏ်ရာရရှိမှု အတွက် (ပ) ၉/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၉၄/၃၂၃/၅၀၆/၁၁၄ ဖြင့် အသီးသီးအမှုဖွင့် စစ်ဆေးဆောင်ရွက်နေ သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။