ဖားကန့်မြို့နယ် သန်းဂေါင် အောင်ဘာလေ ကျေးရွာအနီး အခြေစိုက်ထားသော KIA ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ဖွဲ့နှင့် မြန်မာအစိုးရ စစ်တပ်၏ တပ်မ ၆၆ လက်အောက်ခံ တပ်ဖွဲ့တို့အကြား လေး ရက်မြောက်ထိ (ဇန်နဝါရီလ ၁၅ ရက်မှ ၁၈ ရက်) တိုက်ပွဲဖြစ်ပွားနေမှုများ ရပ်ဆိုင်းရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC က သဘောထား ထုတ်ပြန် တောင်းဆိုသွားမည် ဖြစ်သည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့အကြား ငြိမ်းချမ်းရေးေ၏ ဆွေးနွေးနေချိန်၊ ယုံကြည်မှု တည်ဆောက်နေချိန်အတွင်း KIA နှင့် အစိုးရစစ်တပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေမှုအပေါ် သဘောထား ကြေငြာချက်ထုတ်ပြန်ရန် UNFC က မူအားဖြင့် သဘောတူ ထားပြီးဖြစ်ကြောင်း UNFC ၏ တွဲဘက် အတွင်းအရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္စျိမကို ပြောသည်။
“တိုက်ပွဲက ဖားကန့်ဘဲဖြစ်နေတယ်လို့ ထင်တာ။ အခြားနေရာတွေမှာလည်း နည်းနည်းထပ်ဖြစ်လာတယ်လို့ ကြားနေတယ်။ ဒီအပေါ် တိုက်ပွဲတွေ ရပ်ပေးဖို့ သဘောထား ကျနော်တို့ စာတစောင်ထုတ်ဖို့ ရှိတယ်။ အဓိကတော့ ဒီအခြေအနေမျိုးမှာ တိုက်ပွဲ မဖြစ်သင့်ဘူး။ တိုက်ပွဲတွေရပ်ဖို့ ယုံကြည်မှု တည်ဆောက်တဲ့ အချိန် ပြည်ထောင်စုနေ့မှာ လက်မှတ်တွေ ထိုးမယ်ဆိုပြီးတော့ အဆိုပြုတဲ့ ဒီလိုအချိန်မျိုး မှာတော့ တိုက်ပွဲတွေက ပြင်းပြင်းထန်ထန် ကျယ်ပြန့်လာတာ မဖြစ်သင့်ဘူး” ဟု ခွန်ဥက္ကာက ပြောသည်။
ယနေ့ ညနေပိုင်း သို့မဟုတ် မနက်ဖြန် ဇန်နဝါရီလ ၁၉ ရက်တွင် သဘောထားထုတ်ပြန်သွားမည် ဖြစ်ကြောင်း၊ တိုက်ပွဲများ ဖြစ်ပွားနေသော် လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးမှုက ပျက်ပြားသွားမည် မဟုတ်ဘဲ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆက်လက် ဆွေးနွေးသွားမည်ဟုလည်း ၎င်းက ဆိုသည်။
သမ္မတ ဦးသိန်းစိန်ကလည်း ဇန်နဝါရီလ ၅ ရက်က လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင်တက်ရောက်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့မှ ကိုယ်စားလှယ်များအား လာမည့် ဖေဖော်ဝါရီ ၁၂ရက်တွင်ကျရောက် မည့် ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်လက်မှတ်ရေးထိုးရန် တိုက်တွန်းထားသည်။
ယင်းသို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးနိုင်ရန် အစိုးရဘက်မှ ကမ်းလှမ်းထားချိန်တွင် တည်ငြိမ်းမှု ပိုမိုလိုအပ်သည်ဟု ခွန်ဥက္ကာက ပြောသည်။
KIA နှင့် အစိုးရတို့အကြား တိုက်ပွဲ ဖြစ်ပွားနေခြင်းအပေါ် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် တစ်စုံတစ်ရာ ထိခိုက်မှု ရှိသော်လည်း တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၏ အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့(NCCT) ခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။
“တိုက်ပွဲ မဖြစ်သင့်ဘူး။ ငြိမ်းချမ်းရေးမှာ ထိခိုက်မှု ရှိလား မရှိဘူးလားဆိုတာက ကျနော်တို့ လိုင်ဇာမှာ ဖြစ်သွား တဲ့ ဗိုလ်သင်တန်းကျောင်း ပစ်ခံရတဲ့ ကိစ္စမှာလည်း ထိခိုက်မှု ရှိတာပေါ့နော်။ ထိခိုက်မှုရှိပေမဲ့ ဆက်လက် ဆွေးနွေး သွားရမှာပဲ။ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲမှ အသံတိတ်မှဘဲ။ အခုက မရရှိသေးတော့ တိုက်ပွဲကရှိနေမှာပဲ” ဟု ၄င်းက မဇ္စျိမကို ပြောသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်က KIO ၏ ဌာနချုပ် လိုင်ဇာမြို့ရှိ ဗိုလ်လောင်း သင်တန်းကျောင်းသို့ အစိုးရ၏ လက်နက်ကြီး ပစ်ခတ်ခဲ့သဖြင့် ဗိုလ်လောင် ၂၃ ဦး သေဆုံးခဲ့မှုအပေါ် KIO က ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ရန် ပြောဆိုခဲ့ သော်လည်း အစိုးရဘက်က ပယ်ချခဲ့သည်။ ယခုထိ လစဉ် ပြုလုပ် လျက်ရှိသော နှစ်ဖက် ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့များ၏ ဆွေးနွေးပွဲကိုလည်း KIO က တက်ရောက်ခြင်း မရှိတော့ပေ။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်မှ ၂၃ ရက်တို့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ် ငန်း ကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆွေးနွေးချက်များအပေါ် ပြန်လည် သုံးသပ်ရန်အတွက် NCCT ခေါင်းဆောင်များက လာမည့် ဇန်နဝါရီလ ၂၀ ရက်ဝန်းကျင်တွင် ကျင်းပနိုင်ရန် အဖွဲ့ခေါင်းဆောင်များကို စောင့်ဆိုင်းနေသည်ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။
UNFC သည် KIO အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားကာ မြန်မာ အစိုးရ စစ်တပ်မှ ထိုးစစ်ဆင်မှုများ ချက်ချင်း ရပ်တန့်ပေးရန်နှင့် တိုင်းရင်းသား အဖွဲ့အစည်းအချို့နှင့် တိုက်ပွဲများ မဖြစ်ပွားရန် အမြန်ဆုံး အရေးယူဆောင်ရွက်သွားစေလိုကြောင်း ပြီးခဲ့သည့် ၂၀၁၄ခုနှစ် အောက်တိုဘာလ အတွင်းက ထုတ်ပြန်ခဲ့သေးသည်။