နိုင်ငံရေးထိပ်ပိုင်း ခေါင်းဆောင်များအပါအဝင် တိုင်းရင်းသားရေးရာ ဝန်ကြီးများနှင့် တိုင်းရင်းသား ကိုယ်စားလှယ်အချို့ ပါဝင်သည့် အစုအဖွဲ့သုံးခုကို ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတို့အတွက် ဇန်နဝါရီ ၁၂ ရက်တွင် ဆွေးနွေးရန် သမ္မတရုံးက ဖိတ်ကြားထား သည်ဟု ဖိတ်ကြားခံရသည့် ကာယကံရှင်များက ပြောသည်။
တွေ့ဆုံဆွေးနွေးရန် နိုင်ငံတော်သမ္မတရုံးက ဖိတ်ကြားထားခြင်းဖြစ်ပြီး ဖိတ်ကြားစာတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲရေးများ ဆက်လက်ဖြစ်ထွန်းစေရေး၊ ငြိမ်းချမ်းရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး မျှတသည့်ရွေးကောက်ပွဲ ဖြစ်ရေးနှင့် ညင်သာစွာ အသွင်ကူးပြောင်းရေး ခေါင်းစဉ်ဖြင့် တွေ့ဆုံဆွေးနွေးရန် ဖြစ်သည်ဟု ဆိုသည်။
ပြည်ထောင်စုလွှတ်တော်က ခြောက်ပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရန် တိုက်တွန်းထားသော်လည်း သမ္မတက ယခုကဲ့သို့ စီစဉ်လိုက်ခြင်းဖြစ်သည်။ တွေ့ဆုံဆွေးနွေးပွဲသို့ ဖိတ်ကြားထားသူ အရေအတွက်ကို “ကျွန်တော် တို့ဘက်ကတော့ အဲဒါကို သတင်း မထုတ်ခိုင်းဘူး။ အဲဒါနဲ့ ပတ်သက်လို့ No Comment ပါ” ဟု သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ငြင်းဆိုလိုက်ပြီး မဇ္ဈိမ၏ မေးမြန်းချက်အရ ဖိတ်ကြားထားသူများတွင် နိုင်ငံရေး ပါတီ ခေါင်းဆောင်အချို့နှင့် တိုင်းရင်းသားရေးရာဝန်ကြီးများ ပါဝင်သည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားရေးရာ ၀န်ကြီး ၂၉ဦးရှိသည့်အတွက် ယခုတွေ့ဆုံ ဆွေးနွေးပွဲသည် ပထမ အကြိမ်ထက် လူဦးရေများမည့် သဘောရှိသည်။ ၂၀၁၃ခုနှစ် အောက်တိုဘာ ၃၁ရက်ကလည်း ၁၄ ဦး ပါ၀င် သည့်တွေ့ဆုံပွဲကို သမ္မတဖိတ်ကြားချက်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် တစ်ဦးလျှင် ဆယ်မိနစ်စီသာ ဆွေးနွေးခွင့်ရှိပြီး ဆွေးနွေးပွဲရလဒ် တစ်စုံ တစ်ရာ ထွက်ရှိလာ ခြင်းမရှိပေ။
ယခုအကြိမ်ဆွေးနွေးပွဲသို့ ဖိတ်ကြားထားသူများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ၊ ဒေါ် အောင်ဆန်းစုကြည်ကိုလည်း ဖိတ်ကြားထားပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း တက်ရောက်မည်ဟု NLD ၏ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်က အတည်ပြုသည်။
ယခုအကြိမ် တွေ့ဆုံဆွေးနွေးပွဲသို့ ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် (အက်ဖ်ဒီအေ) ကိုယ်စားလှယ် အဖြစ် ဖိတ်ကြားခံရသူ ဦးခင်မောင်ဆွေက “အတိုင်းအတာတစ်ခုထိ မရောက်ဘူး။ ထမင်းစား ဆွေးနွေးပွဲကြီး ဆိုရင်တော့ အလကားဖြစ်သွားမှာပေါ့ဗျာ။ ဟိုတစ်ခေါက်တုန်းကလည်း အားလုံး သဘောတူညီချက်ကို ထုတ်ပြန်ပေးပါလို့ ဆွေးနွေးပွဲမစခင်တည်းက ကျွန်တော်ပြောတာပဲ။ ဒါပေမဲ့ မထုတ်ဘူးလေ။ ဒီလိုမှ မထုတ်ဘူးရင်တော့ အပြစ်တင်ခံရဖို့ အကြောင်းရှိတာပေါ့ဗျာ။ ထပ်ပြီးတော့ အရှက်ကွဲဦးမှာပေါ့”ဟု မဇ္ဈိမ ကိုပြောသည်။
၎င်းသည် ဆွေးနွေးပွဲခေါင်းစဉ် သုံးခုအနက် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆွေးနွေးသွားမည်ဟု ဦးခင်မောင်ဆွေက ဆိုသည်။
ဖိတ်ကြားခံထားရသူ တစ်ဦးဖြစ်သည့် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်ကလည်း ဆွေးနွေးပွဲ တွင် နိုင်ငံရေး အကျပ်အတည်းများဖြစ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ရှေ့မတိုးနိုင်သေးသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးသွားမည်ဖြစ်သည်။
ဦးအေးသာအောင်က “ဘယ်လို အကောင်အထည်ဖော်အောင် ကြိုးပမ်းမလဲဆိုတဲ့ အဖြေတစ်ခု ထွက်စေ ချင်တယ်လေ။ အဲ့လိုထွက်မှလည်း တွေ့ဆုံဆွေးနွေးရေးက အဓိပ်္ပာယ်ရှိမယ်။ တွေ့ကြတယ်၊ ပြောကြတယ်။ ဘာမှ အဖြေမထွက်ဘူးဆိုရင်ေတော့ တိုင်းပြည်အတွက်ရော၊ ပြည်သူတွေ အတွက်ရော အကျိုးရှိ မယ်မထင်ဘူး” ဟု ပြောသည်။
ယခုအကြိမ်ဖိတ်ခေါ်သည့် ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းမှ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေး မောင်နှင့် ရှမ်းပြည်နယ်မှ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်တို့ကလည်း ၎င်းတို့ကို ဖိတ်ကြား ထားသည်ဟု မဇ္ဈိမကို အတည်ပြုသည်။
“တိုင်းရင်းသားရေးရာဝန်ကြီးတွေက ဒီလိုဆွေးနွေးပွဲတွေမှာ ပါသင့်ပါတယ်ဗျာ။ ကျွန်တော်ကတော့ ပေးထား တဲ့ ခေါင်းစဉ်တွေအားလုံးကို ဆွေးနွေးသွားမယ်” ဟု ဦးဇော်အေးမောင်က ပြောသည်။
အောက်တိုဘာ ၃၁ရက် နံနက်ပိုင်းက သမ္မတ၊ ဒု-သမ္မတနှစ်ဦး၊ ကာချုပ်၊ ဒု- ကာချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီ အချို့မှ ကိုယ်စားပြု ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီအချို့မှ ကိုယ်စားပြု ခေါင်းဆောင်များ စုစုပေါင်း ၁၄ဦး ပါ၀င်သည့် တွေ့ ဆုံပွဲ၌ တစ်ဦးလျှင် ၁၀မိနစ်ခန့်သာ ပြောခွင့်ရခဲ့ပြီး ဆွေးနွေးပွဲရလာဒ် မထွက်ခဲ့ပေ။