"ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဌ နေရာ အတွက်သာ ကြိုးစားမည်" ဟူသော သတင်းခေါင်းစဉ်ဖြင့် The Trade Times ဂျာနယ် မျက်နှာဖုံး၌ ဇန်နဝါရီ ၈ ရက်တွင် ဖော်ပြခဲ့သည့် သတင်းနှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဆန္ဒသဘောနှင့် ရပ်တည်ချက် လုံးဝ မဟုတ်ကြောင်း ဇန်နဝါရီလ ၉ ရက်က ထုတ်ပြန်ကြေညာသည်။
“ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် ဥက္ကဌ နေရာအတွက်သာ ကြိုးစားမည်" ဟူသော သတင်းခေါင်းစဉ်ဖြင့် The Trade Times ဂျာနယ် မျက်နှာဖုံး၌ ဇန်နဝါရီ ၈ ရက်တွင် ဖော်ပြခဲ့သည်။ အဆိုပါ သတင်းတွင် မြန်မာနိုင်ငံ၏ အတိုက်အခံပါတီ ခေါင်းဆောင်ဖြစ်သော
ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ၂၀၁၅ ခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်များမှ ပြင်ဆင်နိုင်ဖွယ် မရှိပါက ရွေးကောက်ပွဲအပြီးတွင် သမ္မတရာထူးကို ထမ်းဆောင်ရန် အခက်အခဲများ ရှိနိုင်သောလည်း အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီသော သြဇာကြီးမားသည့် ဥပဒေပြု လွှတ်တော် တစ်ရပ်ရပ်တွင်မူ ဥက္ကဋ္ဌ တစ်ဦးအဖြစ် ထမ်းဆောင်ဖွယ်ရှိသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကလည်း ဇန်နဝါရီ ၂ ရက်က ပြောသည် ဟု ဖော်ပြခဲ့ပါသည်။
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်က “NLD က အဲဒီရပ်တည်ချက်မှ မရှိဘဲ။ ပြောမှ မပြောဘဲ။ မုံရွာ အောင်ရှင်က သူမပြောဘူးလို့ ပြောတယ်။ အဖွဲ့ချုပ်ရဲ့ ဆန္ဒသဘောထားနဲ့ ရပ်တည်ချက် လုံးဝဟုတ်ဘူး။ ဒါကြောင့် အဲဒီကြေညာချက်ထုတ်တာ။ အန်ကယ်တို့ရဲ့ သဘောထားရပ်တည်ချက် မဟုတ်တာတော့ အန်ကယ်တို့ ရှင်းရှင်းလင်းလင်းကြေညာ ချက်ထုတ်တာ” ဟု ပြောသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် "အဆိုပါသတင်းမှာ မှန်ကန်မှု မရှိပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးကို ဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးစားနေသော ကာလဖြစ်ပါသည်။ ယင်းကိစ္စများနှင့် စပ်လျဉ်းသည့် ပုဒ်မများကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်မည်၊ မပြင်ဆင်မည်တို့ကို ပြည်ထောင်စု လွှတ်တော်၌ မည်သည့်ဆုံးဖြတ်ချက်များမှ မချရသေးသောကြောင့် ယခုကဲ့သို့ သုံးသပ်ချက် မပြုနိုင်ပါ"ဟု ပါရှိသည်။
The Trade Times ဂျာနယ်မှ အယ်ဒီတာချုပ် ဦးခင်မောင်အေးက “ထုတ်ပြန်ချက်က NLD ပါတီရဲ့ သဘောထား ထုတ်ပြန်ချက်နေမယ်။ အန်ကယ်တို့ကို ဖြေတာ ဦးအောင်ရှင်က ဖြေတာ။ ထုတ်ပြန်ချက်နဲ့ မကိုက်ဘူးဆိုရင် သူရဲ့ကိုယ်ပိုင်ခံယူချက် ဖြစ်မှာပေါ့။ သူပြောတာနဲ့ ပါတီရဲ့ ထုတ်ပြန် ချက်မကိုက်တော့ဘူး။ မကိုက်တော့ ပါတီရဲ့ ထုတ်ပြန်ချက်ကိုပဲ အတည်ယူရမယ်” ဟု ပြောသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအောင်ရှင်က “အဲဒီထဲမှာ ပါတဲ့ အချက်အလက်တွေက လွဲနေတယ်။ ဦးက ဒါတွေကို သေချာပြောတာ လည်း မဟုတ်ဘူး။ သူ့ထင်မြင်ချက်နဲ့ သူရေးထားတယ်။ ပါတီအဖွဲ့ချုပ်ရဲ့ မူဝါဒလည်း မဟုတ်ဘူး။ ဒီနေ့ အဖွဲ့ချုပ်က ကြေညာချက်ထွက်တယ်။ အဲဒီကြေငြာချက်အတိုင်းပဲ။ သူတို့ပါ သူတို့ အဓိပ္ပာယ်ကောက်လွဲတာ။ တို့နဲ့ပြောတာလည်း နိုင်ငံခြားသားဆိုတော့ သူအဓိပ္ပာယ်နဲ့ သူကောက်တာပေါ့။ အဲဒီ သဘောမျိုးပါ” ဟု မဇ္စျိမသို့ ပြောသည်။