အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးဆွဲမှုတွင် ဒေါ်အောင်ဆန်းစုကြည် ပါစေလိုဟု အရှေ့ပိုင်း တက္ကသိုလ် ဒု-ပါချုပ်ပြော

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးဆွဲမှုတွင် ဒေါ်အောင်ဆန်းစုကြည် ပါစေလိုဟု အရှေ့ပိုင်း တက္ကသိုလ် ဒု-ပါချုပ်ပြော
by -
မဇ္စျိမ

အမျိုးသား ပညာရေး ဥပဒေကြမ်းကို ပြင်ဆင်ရေးဆွဲရာတွင် နိုင်ငံတကာ အတွေ့အကြံုများစွာရှိသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်အကြံပြုစေလိုကြောင်း ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ဒု-ပါမောက္ခချုပ် ဒေါ်မာလာအောင်က မဇ္စျိမကို ပြောသည်။

"လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းဆုကြည်သာ ဒီဥပဒေရေးဆွဲရေးမှာ ပါလာခဲ့ရင် ဒီပုဒ်မများကို ပုဂ္ဂလိကျောင်းများကို ခွင့်ပြုမည်။ နိုင်ငံခြားသားရင်းနှီးမြှပ်နှံမှုကို မြှင့်တင်မည်ဆိုတာ လူထုခေါင်းဆောင်ဆိုရင် ဒီလို အကြံဉာဏ်မျိုးကို ပေးနိုင်မှာပါ" ဟု ၎င်းက အမျိုးသား ဥပဒေကြမ်း အခန်း (၃) ပုဒ်မ (၄)တွင် ပါရှိသည့် ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများကို သက်ဆိုင်ရာ ဥပဒေနှင့်အညီ တည်ထောင်ခွင့် ပြုခြင်းဆိုသည့် အချက်ကို ရည်ညွှန်း၍ ပြောသည်။

34-Student-Strike-06-s

၎င်းက ဆက်လက်၍ ဝေဖန်မှုများ ရှိနေသည့် မြန်မာ့ပညာရေးစနစ်သည် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ နိုင်ငံ တကာ အတွေ့အကြံုရှိသည့် ပုဂ္ဂိုလ်မျိုးက ပါဝင်ရေးဆွဲပါက ပညာရေးစနစ် ဧကန်ပြောင်းလဲမှု ဖြစ်နိုင် မည်ဟုလည်း ပြောသည်။

ယင်းအပြင် လက်ရှိ ကျောင်းသားထုများက ကန့်ကွက်ကာ ဆန္ဒပြနေသည့် အမျိုးသားပညာရေး ဥပဒေသည် အသားချက်ထက် အားနည်းချက်များကာ မလိုအပ်ဘဲ စကားလုံးဖောင်းပွမှုများ တွေ့ရဟု ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်ဒေါက်တာ ဒေါ်မာလာအောင်က ဇန်နဝါရီ ရ ရက်က ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တွင် ပြုလုပ်သည့် အဆိုပါ ပညာရေး ဥပဒေကြမ်းအား ပြင်ဆင် ဖြည့်စွက်ရန် ဆွေးနွေး ပွဲ၌ ပြောကြားခဲ့သည်။

သို့သော် ဥပဒေကြမ်း၏ မည်သည့်အခန်း၊ မည်သည့်ပုဒ်မများက အားနည်းနေသည်ကိုမူ ၎င်းက တိတိကျကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ယင်းဆွေးနွေးပွဲကို ဇန်နဝါရီ ရ ရက်၈ရက်၉ရက်အထိ ဆွေးနွေးမည်ဖြစ်ပြီး ဆွေးနွေးပွဲမှ တွေ့ရှိချက်များကို ထုတ်ပြန်ချက်ထုတ်ကာ သမ္မတထံအထိ ပေးပို့သွားမည်ဟုလည်း ရန်ကုန်တက္ကသိုလ် သင်တန်းရေးရာဌာနမှု ဦးအေးကြွယ်က မဇ္စျိမကို ပြောသည်။

အမျိုးသား ပညာရေးမူကြမ်း ပြင်ဆင်ဖြည့်စွက်ရေးအတွက် ကျောင်းသားထုနှင့် ဆွေးနွေးပွဲ၌ အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသား သမဂ္ဂ၊ သန်လျင် နည်းပညာတက္ကသိုလ် ကျောင်းသား သမဂ္ဂ၊ ဒဂုံ တက္ကသိုလ်ကျောင်းသား သမဂ္ဂ၊ မြန်မာနိုင်ငံ ရေကြောင်းသိပ္ပံ ကျောင်းသား သမဂ္ဂ၊ ကွန်ပျူတာ တက္ကသိုလ် ကျောင်းသား သမဂ္ဂနှင့် အရှေ့ပိုင်း တက္ကသိုလ်မှ ဆရာ/ဆရာမများ စုစုပေါင်း အင်အား ၄၀၀ ကျော် တက်ရောက် ဆွေးနွေးခဲ့သည်။

ကျောင်းသားထုက ကန့်ကွက်နေသည့် အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်၍ အစိုးရက ရက်ပေါင်း ၆၀ အတွင်း ကျောင်းသား များနှင့် တွေ့ဆုံဆွေးနွေးရန် ကျောင်းသားများက ထုတ်ပြန်တောင်းဆိုထားပြီး ရက် ၆၀ ပြည့်ရန် နှစ်ပတ်ခန့်သာ လိုတော့သည်။

အမျိုးသား ပညာရေး ဥပဒေ ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲများကို နိုဝင်ဘာ ၁၄ ရက်တွင် မြို့တော်ခန်းမရှေ့မှ စတင်ခဲ့သည်။ ဆန္ဒထုတ်ဖော်မှု ၄ ရက် မြောက်နေ့ဖြစ်သည့် နိုဝင်ဘာ ၁၇ ရက်တွင် ဆန္ဒထုတ်ဖော်မှုများ ရပ်ဆိုင်းလိုက်ပြီး ထိုနေ့မှစတင်ပြီး အစိုးရနှင့် တာဝန်ရှိသူများမှ ရက်ပေါင်း ၆၀ အတွင်း သပိတ်မှောက် ကျောင်းသားများနှင့် လာရောက် စေ့စပ်ညှိနှိုင်းဆောင်ရွက်ရန် ကျောင်းသား များမှ တောင်းဆိုထားခြင်း ဖြစ်သည်။

Most read this week