ပြင်သစ် သတင်းစာဆရာများ သတ်ဖြတ်ခံရမှုအပေါ် မြန်မာ သတင်းစာဆရာများ ကွန်ယက် ရှုတ်ချ

ပြင်သစ် သတင်းစာဆရာများ သတ်ဖြတ်ခံရမှုအပေါ် မြန်မာ သတင်းစာဆရာများ ကွန်ယက် ရှုတ်ချ
by -
မဇ္စျိမ

 ပြင်သစ်နိုင်ငံ မြို့တော်ပါရီရှိ Charlie Hebdo မဂ္ဂဇင်းတိုက်ကို မျက်နှာဖုံးစွပ် သေနတ်သမားများ ဝင်ရောက် ပစ်ခတ် တိုက်မှုကြောင့် သတင်းစာဆရာ ၁၀ ဦးနှင့် ရဲ ၂ ဦး သေဆုံးခဲ့ရခြင်းသည် သတင်း မီဒီယာလွတ်လပ်ခွင့်ကို တိုက်ရိုက်ခြိမ်းခြောက်သည့် လုပ်ရပ်ဖြစ်၍ ရှုတ်ချကြောင်း ရန်ကုန်အခြေစိုက် မြန်မာသတင်းစာဆရာများကွန်ယက်က ဇန်နဝါရီ ၈ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

ပြင်သစ် သတင်းစာဆရာ ၁၀ဦး သေဆုံးခဲ့ရခြင်းအတွက် အထူးဝမ်းနည်းကြေကွဲရသလို သေဆုံးခဲ့ရသည့် သတင်းစာဆရာများ၏ မိသားစုဝင်များနှင့် ထပ်တူဝမ်းနည်းကြေကွဲရပြီး ကိုယ်ချင်းစာမိသည်ဟု မြန်မာသတင်း စာဆရာများ ကွန်ယက်၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ဇန်နဝါရီလ ရ ရက်တွင် သေနတ်သမားများ၏ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် Charlie Hebdo မဂ္ဂဇင်းတိုက်ရှိ လက်ထောက် အယ်ဒီတာချုပ်နှင့် သရော်ကာတွန်းများရေးဆွဲသည့် ကာတွန်းဆရာ လေးဦး သေဆုံးခဲ့ရမှုအပေါ် အထက်ပါအတိုင်း ရှုတ်ချလိုက်ခြင်း ဖြစ်သည်။

နောက်ဆက်တွဲ သတင်းများအရ အကြမ်းဖက် တိုက်ခိုက်သည့် သေနတ်သမား အများဆုံး ၃ ဦးဖြစ်နိုင်ကြောင်းနှင့် AK-47 သေနတ်များ ကိုင်ဆောင်ထားကြောင်း သိရသည်။ ၎င်းတို့သည် 'အလ္လာဟ်သည် ကြီးကျယ်မြင့်မြတ်သည်' တမန်တော်က အပြစ်ဒဏ်စီရင်ခဲ့ပြီ' ဟု အော်ဟစ်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Daily Mail တွင် ဖော်ပြသည်။

ပြင်သစ်နိုင်ငံ၏ ပထမဆုံး မွတ်စလင်သမ္မတအကြောင်း စိတ်ကူးပုံဖော် ရေးသားထားသည့် ဝတ္ထုကို ဇန်နဝါရီ ရ ရက်က ဖြန့်ချိခဲ့သည့်နေ့တွင် ယခုကဲ့သို့ တိုက်ခိုက်မှုဖြစ်ပွားရခြင်း ဖြစ်သည်။

သတင်း မီဒီယာများ၏ ဖော်ပြမှုများနှင့်ပတ်သက်၍ ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခံ ရခြင်း၊ အသက်အန္တရာယ်ပြုခြင်းများသည် သတင်း မီဒီယာလွတ်လပ်ခွင့်ကို တိုက်ရိုက်ခြိမ်းခြောက်ခြင်းပင်ဖြစ်ပြီး လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကိုပါ ထိခိုက်စေသည်ဟု မြန်မာသတင်းစာ ဆရာများ ကွန်ယက်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Most read this week