ဖားကန့်မြေပြိုမှုတွင် ပျောက်ဆုံးစာရင်းများ ရရှိရေးအတွက် ပတ်ဝန်းကျင်ကျေးရွာ သုံးရွာကို လူပျောက်စာရင်း များ ကောက်ယူလျှက်ရှိသည်ဟု ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်က မဇ္စျိမကိုပြောသည်။
ဇန်နဝါရီ ၆ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့် အဆိုပါနေရာရှိ အရက်ဆိုင်အတွင်းမှ လူလေးဦး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ရွာသုံးရွာကို လော်စပီကာနဲ့ လှည့်ပြီးအော်နေတာ၊ မနေ့ကတည်းက ဖြစ်ပါတယ်။ ခုထိတော့ လာပြီးစာရင်းပေးတာ နှစ်ယောက် ရှိပါတယ်” ဟု ဦးတင်ဆွေမြင့်ကပြောသည်။
အဆိုပါမြေပြိုမှုတွင် ပြန်လည် ရှာဖွေမှုများအရ လူသေအလောင်း လေးလောင်း ပြန်ရပြီး အရက်ဆိုင်တစ်ဆိုင် အပါအဝင် ယာယီဆိုင်ခန်း ရှစ်ခန်း ပါဝင်သည် ဟု မြို့နယ်အုပ်ချုပ်ရေးမှူးကပြောသည်။
လက်ရှိတွင် မီးသတ်တပ်ဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ၏ အကူအညီများရ ယူကာ ထပ်မံရှာဖွေမှုများ လုပ်ဆောင်နေသည် ဟုဆိုသည်။
ဖားကန့်မြို့နေဒေသခံများကမူ ဆိုက်ကယ်များ၊ဆိုင်ခန်းများအပါအဝင် ရေမဆေးကျောက်ရှာသူ တစ်ရာနီးပါ ပါ၀င်သည်ဟုဆိုသည်။
“ရေမဆေးရှာပြီဆိုကတည်းက အသက်စွန့်ရတာဗျ၊ဘေးက မိုင်းခွဲတဲ့အန္တရာယ်၊မြေစာပုံဖို့လို့ ပိတဲ့ အန္တရာယ်နဲ့ ဒီလို သဘာဝဘေး အန္တရာယ်တွေ အများကြီးပါပဲ၊ ပြောရင် သေမထူးနေမထူးပေါ့ဗျာ”ဟု ဖားကန့်မှော်တွင်းတွင် ရေမဆေးကျောက်ရှာသူ ဦးဇော်ဝင်းနိုင်ကပြောသည်။
၂၀၁၀ ခုနှစ်နောက်ပိုင်း ကချင်ပြည်နယ်တွင် တစ်ကျော့ပြန်စစ်ပွဲများကြောင့် ကျောက်လုပ်ငန်းများ ပိတ်သိမ်းလိုက်ကာ ကုမ္ပဏီများ လုပ်ငန်းရပ်တန့်သွားချိန်တွင် ကျောက်တွင်းများ ပိတ်ထားရသဖြင့် လုပ်ခစားအလုပ်သမားများသည် ကုမ္ပဏီများစွန့်ပစ် ထားသော မြေစာပုံများတွင် ထိုသို့ ရှာဖွေရခြင်းဖြစ်သည်။