အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပညာရေးကွန်ရက်က ပညာဒါနအခမဲ့ ကျောင်းများကို ၂၀၁၅-၁၆ ပညာသင်နှစ်မှစ၍ ပြည်နယ်များသို့ တိုးချဲ့ဖွင့်လှစ်သွားမည်ဟု ကွန်ရက် ဗဟိုအလုပ်အမှုဆောင် ဦးဖြိုးမင်းသိန်းက ပြောသည်။
အဆိုပါကျောင်းများကို ပါတီအဖွဲ့ချုပ် ရုံးခွဲများတည်ရှိရာ ပြည်နယ်များတွင် တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပါတီရုံး မရှိသည့်ဒေသများမှ ချိတ်ဆက် အကူအညီ တောင်းလာပါကလည်း ကူညီပေးသွားမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ပညာရေးနဲ့ ကျွန်တော်တို့ တိုင်းပြည်ကို ထူထောင်ချင်ပါတယ်။ ပညာရေးကွန်ရက်ဆိုတာ အခက်အခဲ ဖြစ် နေ တဲ့ ပညာသင်လိုတဲ့ လူတန်းစားတစ်ခုအတွက် အလှူလိုအပ်နေတဲ့ သူတွေကြားက ဆက်ထုံး တစ်ခုပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
တိုးချဲ့ဖွင့်လှစ်မည့် ပညာဒါနကျောင်းများကို တစ်ကျောင်းလျှင် ကျပ်သိန်း ၅၀ ခန့် ပေးအပ်သွားမည်ဖြစ်ပြီး ထပ်မံတိုးချဲ့မည့် ပညာဒါနကျောင်းများတွင် သင်ကြားပေးမည့် ဆရာ၊ ဆရာမများအား သင်ကြားရေး စွမ်းရည်အတွက် နိုင်ငံတကာအဆင့်မီ သင်ကြားနိုင်ရေး သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန် စီစဉ်နေပြီဟု လည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပညာရေးကွန်ရက်က ဖွင့်လှစ်ထားသော ပညာဒါန ကျောင်းပေါင်း ၂၀၀ ကျော်ရှိပြီး ကျောင်းသူ ကျောင်းသား ၂၀,၀၀၀ ခန့်ကို ဆရာ၊ဆရာမ ၂,၀၀၀ ဖြင့် သင်ကြားပေးလျက် ရှိသည်။