ဒသခံ တစ်ဦး သေဆုံးခဲ့ရသည်အထိ ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် စီမံကိန်း ပဋိပက္ခသည် ဒေသခံ က သွေးထိုးလှုံ့ဆော်မှုများကို နားယောင်သောကြောင့်ဖြစ်သည်ဟုဆိုသော အစိုးရ၏ ထုတ်ပြန်ချက်သည် လက်ပံတောင်းဒေသခံများ ကို စော်ကားရာရောက်နေသည်ဟု ပုလဲမြို့နယ်မှ ပြည်သူ့လွှတ်တော် အမတ် ဒေါ်ခင်စန်းလှိုင်က ဝေဖန်လိုက်သည်။
“ကိုယ့်ဘက်က ဆောင်ရွက်မပေးနိုင်လို့ ပြဿနာ တွေဖြစ်ရတာကို အခြားဘက်ကို လက်ညှိုးထိုးပြီးတော့ စွပ်စွဲပြစ်တင်တာဟာ နိုင်ငံတော် အဆင့်အနေနဲ့ ဒီလို မပြောသင့်ဘူးလို့ ကျွန်မတို့မြင်တယ်။ နောက်တစ်ခု က ဒီလိုမျိုးပြောဆိုခြင်းအားဖြင့်လည်း ဒေသခံပြည်သူတွေ ကို စော်ကားတယ်လို့ မြင်တယ်” ဟု ဒေါ်ခင် စန်းလှိုင်က မဇ္ဈိမကို ပြောသည်။
စီမံကိန်းဧရိယာအတွင်း ခြံစည်းရိုးခတ်စဉ် ဖြစ်ပွားခဲ့သည့်ပဋိပက္ခမှာ သွေးထိုးလှုံ့ဆော်မှုကို ဒေသခံများ နားယောင်ခဲ့သောကြောင့်ဟု သမ္မတရုံးဝန်ကြီး ဦးလှထွန်း ဦးဆောင်သည့် “လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီ” ၏ ဇန်နဝါရီ ၅ ရက် နေ့စွဲဖြင့် ထုတ်ပြန်ချက်အပေါ် ဝေဖန် ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကော်မတီကို သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ဖွဲ့စည်းပေးထားခြင်းဖြစ်ပြီး ကော်မတီ၏ ထုတ်ပြန်ချက်တွင် “စီမံကိန်း ဧရိယာအတွင်း ခြံစည်းရိုးကာရံစဉ် ပြင်ပ အဖွဲ့အစည်းများနှင့် ကွန်ရက်အဖွဲ့များ၏ သွေးထိုးလှုံ့ဆော်မှုကို နားယောင်ခဲ့သည့် ဒေသခံအချို့က တုတ်၊ ဓား၊ လေးခွများဖြင့် ပစ်ခတ်အကြမ်းဖက် ဟန့် တားနှောက်ယှက်မှုများကြောင့်” ဟု ပါရှိသည်။
“ကျွန်မလည်း တိုင်းအစိုးရကို မကြာခဏပြောပါတယ်။ ဒီကိစ်္စတွေဖြစ်လာတာဟာ ဘေးပယောဂကြောင့်၊ ဘေး က မြောက်ပင့်ပေးမှုကြောင့် ဖြစ်လာတယ်ဆိုရင် ဘာလို့ မဖော်ထုတ်တာလဲ။ ဘာလို့ အရေးမယူတာ လည်းလို့ မေးခဲ့တယ်။ ဒါပေမဲ့ တစ်ခါမှအဖြေမရခဲ့ဘူး”ဟု ဒေါ်ခင်စန်းလှိုင်က ဆိုသည်။
လက်ပံတောင်းစီမံကိန်းအပေါ် ဒေသခံများနှင့် လုံခြံုရေးများကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသည် ဒေသခံ များ၏ ဆန္ဒအစစ်အမှန် ဟုတ်၊ မဟုတ် အစိုးရက စုံစမ်းဖော် ထုတ်သင့်ပြီး “ဘေးပယောဂကြောင့်၊ ဘေး က သွေးထိုးလှုံ့ဆော်လို့ဆိုတဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်အနေနဲ့လည်း ဘာမှ မခိုင်မာဘူး”ဟု ၎င်းက ဝေဖန်ခဲ့သည်။
ကော်မတီ၏ ထုတ်ပြန်ချက်တွင်မူ “စီမံကိန်း အလုံးစုံပျက်သုဉ်းရေးကို ဦးတည်နေသော လူနည်းစုအချို့မှာ အမြင် မကြည်လင်ဘဲ ပြင်ပ အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့ လှုံ့ဆော်မှုများကြောင့် စနစ်တကျ အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအပေါ် အမြဲတစေ ပြဿနာ တစ်ခုမဟုတ်တစ်ခု ဖြစ်အောင် ဖန်တီး၍ ဟန့်တားနှောက်ယှက်နေသည်” ဟုလည်း ဖော်ပြပါရှိသည်။
အဆိုပါထုတ်ပြန်ချက်အပေါ် လက်ပံတောင်းတောင် စီမံကိန်းအရေး ကန့်ကွက်ဆန္ဒ ထုတ်ဖော်နေသည့် ဒီမိုကရေစီအင်အားစုမှ ဦးသန်းဆွေက “သွေးထိုးရအောင် ဘယ်သူကမှ အခကြေးငွေပေးထားတာ မရှိ ဘူး။ ကျွန်တော်တို့ ခံယူထားတာက ပြည်သူ့ အရေး၊ နိုင်ငံ့အရေးက ကျွန်တော်တို့ အရေးပဲ” ဟု မဇ္ဈိမကို ပြောသည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဒေသခံများအပါအဝင် နိုင်ငံအဝန်းရှိမြို့ကြီးများတွင် ကန့်ကွက် ဆန္ဒပြခဲ့ကြသလို ကန့်ကွက်ခဲ့သည့် အသက်၅၀ကျော်အရွယ် ဒေသခံတောင်သူ ဒေါ်ခင်ဝင်းမှာ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်က လုံခြံုရေးတပ် ဖွဲ့ဝင်များ၏ အကြမ်းဖက် မှုကြောင့် သေနတ်ဒဏ်ရာဖြင့် သေဆုံး ခဲ့ရသည်။ ဒေါ်ခင်ဝင်းသေဆုံးမှုဖြစ်ပြီးနောက် ယနေ့ထိ ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်လျက်ရှိသည်။