ရတနာပုံ တက္ကသိုလ်တွင် စာရွက်များကပ်၍ ဆန့်ကျင်လှုပ်ရှားမှုပြုလုပ်

ရတနာပုံ တက္ကသိုလ်တွင် စာရွက်များကပ်၍ ဆန့်ကျင်လှုပ်ရှားမှုပြုလုပ်
by -
မဇ္စျိမ

 မန္တလေး ရတနာပုံ တက္ကသိုလ်ကျောင်း သားများသမဂ္ဂက ဦးဆောင်၍အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်ဟု မန္တလေး ရတနာပုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်မျိုးလှိုင်က မဇ္ဈိမကို ပြောသည်။

အဆိုပါလှုပ်ရှားမှုမှာ ရက်ပေါင်း ၆၀ အတွင်း လေးပွင့်ဆိုင်တွေ့ဆုံပေး၊ စစ်ကျွန် ပညာရေးအလိုမရှိစ သည့် တောင်းဆိုချက်ပါ စာရွက်များကို ရတနာပုံတက္ကသိုလ် ကျောင်းအလယ်ဝင်ပေါက်ရှိ နံရံတွင် ကပ်ခဲ့ခြင်း ဖြစ်သည်။

“အမျိုးသား ပညာရေး ဥပဒေကို ကျောင်းသားတွေရဲ့ ဆန္ဒ၊ ပြည်သူတွေရဲ့ ဆန္ဒ တစ်ခုမှ မပါဘဲ ကျောင်းသား ကိုယ်စားလှယ်တွေ မပါဘဲ ပြင်ပပညာရှင်တွေမပါဘဲ အာဏာပိုင်တွေအလိုကျ ရေးဆွဲထားတဲ့ ဥပဒေ ဖြစ်ပါတယ်။ သူတိ့ု ထိုင်ခုံမပျောက်ရေး၊ သူတိ့ု အာဏာတည်မြဲရေးအတွက် ရေးဆွဲထားတဲ့ ဥပဒေဖြစ်တဲ့အတွက် ဒီဥပဒေကို ကန့်ကွက်တဲ့ အနေနဲ့ လုပ်တာပါ” ဟု ၎င်းက ပြောကြားသည်။

ယင်းစာရွက်များကို ဒီဇင်ဘာ၂၁ ရက် ည ၉ နာရီခန့်ကတည်းက ကပ်ခဲ့ခြင်းဖြစ်ပြီး စာရွက်များကို သက် ဆိုင်ရာကျောင်း အာဏာပိုင်များက နံနက် ၄ နာရီနောက်ပိုင်း တွင်ဖြုတ်သိမ်းခဲ့ကြောင်း၊ ထို့ကြောင့် ယနေ့ ၈ နာရီကျော်တွင် ပြန်ကပ်ခဲ့ပြီး ၁၁ နာရီ ကျော်တွင် မန္တလေး ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင်များက ဒေါင်းအလံကို အလယ်ဝင်ပေါက်တံခါးတွင် ချိတ်ဆွဲခဲ့ကြောင်း ဆိုသည်။

“ဒီလိုချိတ်လိုက်တဲ့အချိန်မှာ တက္ကသိုလ်ထဲက သက်ဆိုင်ရာ မေဂျာက ဌာနမှူးတွေ ထွက်လာပြီး ကျွန်တော် တို့ ကျောင်းသား တစ်ယောက် ချင်းကို ဒီလိုမလုပ်ဖို့ လာတားတယ်” ဟု ကိုအောင်မျိုးလှိုင်က ပြောသည်။

ကျောင်းသားများက ကျောင်းအလယ်ပေါက် တံခါးကို အမြဲတမ်းဖွင့်ပေးရန်၊ ကျောင်းဝင်းအတွင်း စာဖတ်ဝိုင်းများ လွတ်လပ်စွာပြုလုပ်ခွင့် ပြုရန်၊ ကားပါကင်ထားပေးရန်၊ ပညာရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်မည့် နေရာတစ်ခုပေး ရန်၊ ပညာရေး ဟောပြောပွဲများတွင် ကျောင်းသား များ နှစ်သက်သည့် ဟောပြောသူများပါ ဝင်ရန်စသည့် အချက်များကို မန္တလေးရတနာပုံ တက္ကသိုလ်ပါချုပ်ထံ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။