ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် လူငယ်များပါဝင်ရေး ဆွေးနွေးပွဲလုပ်

ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် လူငယ်များပါဝင်ရေး ဆွေးနွေးပွဲလုပ်
by -
မဇ္စျိမ

 အရပ်ဘက် အဖွဲ့များမှ လူငယ်များအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နိုင်ရေးအတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် လူငယ်အဖွဲ့အစည်းများ တွေ့ ဆုံနိုင်ဆွေးနွေးနိုင်ရန် လူငယ်အရပ်ဖက်အဖွဲ့ ၁၁ ဖွဲ့က ရန်ကုန်မြို့ ယုဒသန်ရိပ်သာတွင် ဒီဇင်ဘာ ၂၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

"ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ လူငယ်များ၏ ပါဝင်ပတ်သက်မှုဆိုတာ ဦးဆောင်ဆုံးဖြတ်တဲ့နေရာတွေမှာ ပါဝင်ဖို့ပြောတာ မဟုတ်ဘူး၊ ငြိမ်းချမ်းရေးဆိုတာက တစ်တိုင်းပြည်လုံးမှာရှိတယ်။ ပြည်သူလူထု အားလုံးနဲ့ဆိုင်တယ်။ ဒီပြည်သူလူထုက ငြိမ်းချမ်းရေး ဆိုတာငါတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်ထားတဲ့ အရာဆိုတာကို သိလာအောင် လှုံ့ဆော်ပေးတာမျိုး၊ အသိပညာပေးတာ မြှင့်တင်ဖို့ပါ" ဟု လိုင်ဇာငြိမ်းချမ်းရေး လမ်းလျှောက်သည့်အဖွဲ့မှ ကိုရန်နိုင်ထွန်းက မဇ္စျိမကို ပြောသည်။

လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်များကို ပြည်သူများ သိရှိနားလည်စေရန် လူငယ်အဖွဲ့များက အသိပညာပေးလုပ်ငန်း များ လုပ်နိုင်ရေးအတွက် လက်ရှိတွင် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးလျက်ရှိသည့် NCCT နှင့် တွေ့ဆုံရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ဆိုသည်။ NCCT နှင့် တွေ့ဆုံရာတွင် လူငယ်အဖွဲ့များက အဓိက အချက် ခြောက် ချက် တောင်းဆိုမည်ဖြစ်သော်လည်း ယင်းအချက်များကိုမူ မီဒီယာများအား ထုတ်ဖော် ပြောကြားခြင်း မရှိပေ။ ယင်းအပြင် လူငယ်အဖွဲ့များနှင့် NCCT တို့ တွေ့ဆုံမည့် ရက်ကိုလည်း မသတ်မှတ်ရသေးပေ။

လက်ရှိတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) က တစ်နိုင်ငံလုံး အပစ်ရပ်မူကြမ်းအတွက် အလုပ်သဘော ဆွေးနွေးပွဲကို ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) ၌ အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် ဒီဇင်ဘာ ၂၂၊ ၂၃ နှစ်ရက်တာ ဆွေးနွေးလျက်ရှိသည်။