လက်ပန်တောင်း ပဋိပက္ခ ရဲပစ်ခတ်၊ တစ်ဦး ပွဲချင်းပြီးသေဆုံး ဆယ်ဦးကျော် ဒဏ်ရာရ

လက်ပန်တောင်း ပဋိပက္ခ ရဲပစ်ခတ်၊ တစ်ဦး ပွဲချင်းပြီးသေဆုံး ဆယ်ဦးကျော် ဒဏ်ရာရ
by -
မဇ္စျိမ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ပါဝင်သော လယ်ယာမြေများပေါ်တွင် ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းများက ခြံစည်းရိုးဝင်ခတ်ရာ ဒေသခံတောင်သူများက ကန့်ကွက်ခဲ့ပြီးနောက် လုံခြံုရေးယူထားသော ရဲတပ်ဖွဲ့တို့က ပစ်ခတ်နှိမ်နင်းခဲ့သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ဆယ်ဦးကျော် ဒဏ်ရာရရှိခဲ့သည်ဟု ဇီးတောရွာမှ ကျောင်းထိုင် ဆရာတော် ဦးအာလောကက ဒီဇင်ဘာ ၂၂ ရက် ညပိုင်းက မဇ္ဈိမကို မိန့်ကြားသည်။

မြေယာလျော်ကြေးရယူထားခြင်းမရှိသော လိပ်ခွံတောင်အနီး၊ ပဒပ်ကုန်းနှင့် ဆည်တည်းရွာနှင့် တုံရွာ အကြားရှိ လယ်ယာမြေများပေါ်တွင် သွပ်ဆူးကြိုးများဖြင့် ခြံစည်းရိုးဝင်ခတ်မှုအပေါ် ကန့်ကွက်ခဲ့သည့် ဒေသခံတောင်သူ များအား ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၂ ရက်တွင် ရဲတပ်ဖွဲ့၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် မိုးကြိုးပြင်အလယ်ရွာမှ ဒေသခံ တောင် သူ ဒေါ်ခင်ဝင်းသည် ဦးခေါင်း ကိုထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့သည်။ ထို့ပြင် ဒေသခံ တစ်ဦး ဖြစ်သူ ဦးမှိုင်းမှာလည်း ပေါင်တွင် သေနတ်မှန်ပြီး အခြားဒေသခံ ဆယ်ဦးကျော်မှာလည်း လေးခွထိမှန် သည့် ဒဏ်ရာများရရှိခဲ့သည်ဟု ဦးအာလောကက မိန့်သည်။

ဆရာတော်က “လျော်ကြေးလည်းမယူတဲ့တောင်သူတွေအနေနဲ့က ခြံစည်းရိုးခတ်ခံလိုက်ရပြီဆိုရင် လုံးဝလုပ်ကိုင်စားလို့ မရတော့ဘူး အဲ့အခါကျတော့ သူတို့ရဲ့ဘဝက သေမထူး၊ နေမထူး တွေဖြစ် ကုန်ကြပြီလေ။ ရွာသားတွေ အနေနဲ့ကတော့ ဆက်ပြီးခြံစည်းရိုးခတ်မယ် ဆိုရင်တော့ ဆက်ပြီးတော့တားကြမှာပဲ” ဟု မိန့်ကြားသည်။

အဆိုပါ ခြံစည်းရိုးခတ်ခဲ့သည့် နေရာများတွင် ရဲတပ်ဖွဲ့ဝင်အင်အား ထောင်ဂဏန်းထိရှိနေပြီး ဒေသခံများ ဘက်ကလည်း လေးခွဖြင့် ပစ်ခတ်မှုများရှိခဲ့သည်ဟု ဆရာတော်က ဆက်လက်မိန့်ကြားခဲ့သည်။

ထို့ပြင် “အခုက ဘယ်လောက်အထိ ဆိုးလာလည်းဆိုရင် တိုင်းတစ်ပါးသားဖြစ်တဲ့ တရုတ်တွေကတောင် ဒေသ ခံတွေကို ပုဆိန်ပုံစံမျိုးတွေနဲ့ထုတယ်၊ တူတွေနဲ့ပစ်တယ်” ဟု အခင်းဖြစ်ရာနေရာသို့ သွားရောက်ညှိနှိုင်းခဲ့သည့် ဆရာတော် ဦးအာလောကက ဆိုသည်။

စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး၏ တယ်လီဖုန်းကို မဇ္ဈိမက ရရှိထားရာ ယခုဖြစ်စဉ်များအပေါ်မေးမြန်းရန် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခဲ့ခြင်းမရှိပေ။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ်၊ ဒေါ်ခင်လှိုင်ကလည်း ယင်းဖြစ်ရပ်များအပေါ် ကို င်တွယ်ဖြေရှင်းနေပုံကို မေးမြန်းရန် တိုင်းအစိုးရထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း “ကျွန်မတယ် လီဖုန်းကို လုံးဝမကိုင်ဘူးဖြစ်နေတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဒေါ်ခင်စန်းလှိုင်က “အဓိကကတော့ ဒီကိစ္စတွေရဲ့အပေါ် အစီရင်ခံစာရဲ့အပေါ်မှာ အကောင်အထည်ဖော် တဲ့ ကော်မတီက တာဝန်ရှိသလို တိုင်းဒေသကြီးအစိုးရမှာ တာဝန်ရှိတယ်လို့မြင်တယ်။ ဒီလောက် ထိ သွေးမြေကျရအောင်အထိ နှိမ်နင်းဖို့လို သလားဆိုတာ သိချင်တယ်” ဟု ပြောသည်။

ဖြစ်စဉ်အပေါ် တိုင်းအစိုးရနှင့် ဆက်လက်ညှိနှိုင်းသွားမည်ဖြစ်ပြီး ပြေလည်မှုမရရှိခဲ့ပါက လာမည့် ဇန်နဝါရီ လအတွင်း ပြန်လည်ကျင်းပမည့် ၁၂ကြိမ်မြောက် လွှတ်တော်တွင် မေးခွန်း သို့မဟုတ် အဆိုတစ်ရပ်အနေဖြင့် တင်ပြသွားမည်ဟု ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

ရဲတပ်ဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းကလည်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ကန့်ကွက်ခဲ့သည့် သပိတ်စခန်းကို အကြမ်းဖက် နှိမ်နင်းခဲ့သောကြောင့် သံဃာအပါး ၈၀ ကျော် မီးလောင်ဒဏ်ရာ ရရှိခဲ့သည်။

နောက်ဆုံးရရှိသည့် သတင်းများအရ ညဘက်တွင် ကုမ္ပဏီဝန်ထမ်းများ ဆက်လက်ပြီး ခြံစည်းရိုး ခတ်လျက်ရှိကာ ကန့်ကွက်နေ သည့် ဒေသခံများကမူ ညခြောက်နာရီတွင် ရွာသို့ ပြန်လာ ကြပြီဖြစ်သည်။

Most read this week