မူးယစ်ဆေးဝါး တိုက်ဖျက်ရန် မိုးညှင်းမြို့တွင် လူအင်အား သုံးရာကျော် ဆန္ဒပြ

မူးယစ်ဆေးဝါး တိုက်ဖျက်ရန် မိုးညှင်းမြို့တွင် လူအင်အား သုံးရာကျော် ဆန္ဒပြ
by -
မဇ္စျိမ

ကချင်ပြည်နယ် မိုးညှင်းမြို့ရှိ ဒေသခံများနှင့် ဘာသာရေး ခေါင်းဆောင်များ၊ ကျောင်းသူ၊ ကျောင်းသားများ ပူးပေါင်း၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ဒီဇင်ဘာလ ၂၀ ရက် နံနက် ၁၀ နာရီမှ နေ့လည်၂ နာရီထိ ဆန္ဒဖော်ထုတ်ခဲ့သည်ဟု ဆန္ဒဖော်ထုတ်ပွဲဦးဆောင် ကော်မတီဝင် ဦးဆိုင်းနော်က ပြောသည်။

ဘာသာရေး ဂိုဏ်းပေါင်းစုံ ခေါင်းဆောင်များ၊ တက္ကသိုလ်ကျောင်းသားလူငယ်များနှင့် ဒေသခံ လူမျိုးပေါင်းစုံပါဝင်သော မိုးညှင်းဒေသ မူးယစ်ဆေးဝါးအန္တရယ်တားဆီးကာကွယ်ရေးအဖွဲ့မှ ဦးဆောင်၍ လူအင်အား ၃၀၀ ကျော်သည် မိုးညှင်းမြို့ အောင်သပြေရပ်ကွက် စိန်ပတ်စရစ် ဘုရားကျောင်းမှ စတင်၍ မိုးညှင်းမြို့တစ်ပတ်ပတ်ကာ လွတ်လပ်သော တိုင်းရင်းခရစ်ယာန်ကျောင်းတွင် အဆုံးသတ်ခဲ့ ကြသည်ဟု သူက ပြောသည်။

“ရပ်ကွက်တော်တော်များများမှာ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားတာတွေ ရှိတယ်။ သုံးစွဲတာတွေတော့ လူငယ်တွေ အတော်များများ ပျက်ဆီးနေတဲ့ လူငယ်တွေကို မူးယစ်ဆေးဝါးကို အန္တရယ်အနေနဲ့ သိမြင်အောင် ကျနော်တို့ လုပ်ဆောင်နေရခြင်းဖြစ်ပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

“ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင် တိုက်ဖျက်ကြ” “လူထုအင်အားဖြင့် လက်တွဲပြီး ညီညီညာညာ စုပေါင်းတိုက် ဖျက်ကြ” “ဘုရားသခင်၏ ဘုန်းတန်ခိုးတော်အားဖြင့် တွန်းလှန်တိုက်ဖျက်ကြ” ဟူသော အချက် သုံးချက်ကို ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ကြွေးကြော်ခဲ့ကြ သည်ဟု သူက မဇ္စျိမကို ပြောသည်။

မိုးညှင်းဒေသ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ကို ၂၀၁၄ ခုနှစ်ဆန်းပိုင်းတွင် ဖွဲ့စည်းခဲ့ပြီးနောက် မူးယစ်ဆေးဝါး ပညာပေးဟောပြောမှုများ လုပ်ဆောင်ကာ လာမည့် ၂၀၁၅ ခုနှစ်ဆန်းတွင် ဒေသခံအာဏာပိုင်များနှင့် ပူးပေါင်း၍ အရေးယူဆောင်ရွက်မှုတွင် ပါဝင်ဆောင်ရွက်သွား မည်ဖြစ်သည်။

မိုးညှိင်းမြို့တွင် လူထုအကြား မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပညာပေးခြင်းတို့ ပြုလုပ်ပြီးနောက် လူထုအားလုံး ပူပေါင်း၍ မူးယစ်ဆေးဝါး အန္တရယ် ကာကွယ်တားဆီးရန်နှင့် မြန်မာအစိုးရ အာဏာပိုင်များမှ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ရာတွင် ထိရောက်မှုမရှိဘဲ အားနည်းနေသဖြင့် တွန်းအားပေးခြင်း ဖြစ်သည် ဟု ဦးဆိုင်းနော်က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်ကလည်း ကချင်ပြည်နယ် ဖားကန့်မြို့တွင် ခရစ်ယာန် ဘာသာရေး ဂိုဏ်းပေါင်းစုံနှင့် ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့ ဦးဆောင်၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆန္ဒထုတ်ဖော်ပွဲ ကျင်းပခဲ့သေးသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ပြည်သူလူထုတို့ ပူးပေါင်း၍ ကော်မတစ်တစ်ရပ် ဖွဲ့စည်းကာ ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ပညာပေးဟောပြောမှုများ လုပ်ဆောင်ရန်အတွက် ၂၀၁၄ ခုနှစ် ဧပြီလက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ပြည်သူလူထုနှင့်အတူ ပူးပေါင်းတိုက်ဖျက်သွားရန် ဆုံးဖြတ်ထားသ ည်။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုသည် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တွင် ၂၀၀ ဟတ်တာ ကျဆင်းခဲ့ပြီး ၂၀၁၃ ခုနှစ် ဘိန်းထုတ်လုပ်မှု တန်ချိန် ၈၇၀ ရှိရာမှ ၂၀၁၄ ခုနှစ်တွင် တန် ၆၇၀ အထိ ကျဆင်းခဲ့သည်ဟု ဒီဇင်ဘာလ ၈ ရက်က UNODC က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

Most read this week