ဗုဒ္ဓပုံကို နားကြပ်တပ် ကြော်ငြာခဲ့သည့် ဘားဆိုင်အမှုကို စွဲချက်တင်၍ လိုပြသက်သေစစ်ဆေး

ဗုဒ္ဓပုံကို နားကြပ်တပ် ကြော်ငြာခဲ့သည့် ဘားဆိုင်အမှုကို စွဲချက်တင်၍ လိုပြသက်သေစစ်ဆေး
by -
မဇ္စျိမ

 ဗုဒ္ဓရုပ်ပုံကို နားကြပ်တပ်ကာ ဘားကြော်ငြာတွင် အသုံးပြုခဲ့သည့် ဆိုင်ရှင်နှင့် မန်နေဂျာနှစ်ဦးကို စွဲချက်တင်၍ တရားလိုပြ သက်သေများကို ဒီဇင်ဘာလ ၁၈ ရက်တွင် ဗဟန်းတရားရုံး၌ စစ်ဆေးခဲ့သည်ဟု Gastro Bar မှ အထွေထွေ မန်နေဂျာ မစ္စတာဖီးလ်လစ်၏ အကျိုးတော်ဆောင် တရားလွှတ်တော်ရှေ့နေ ဦးမြသွေးက ပြောသည်။

"စစ်တာကတော့ အခုမှပထမဆုံးစစ်တာ။ ဒီနေ့က တရားလိုြ့ပသက်သေ သုံးယောက်ကိုစစ်တာ။ လောလော ဆယ် တရားရုံးကတော့ စွဲ ချက်တင်လိုက်ပြီ။ ထောင်ကတော့ကျမှာပဲ။ ကျွန်တော့်လူက အမှားလုပ်ထားတာကိုး" ဟု ၎င်းကပြောသည်။

ဒီဇင်ဘာလ ၁၈ ရက်၊ ဒုတိယအကြိမ်ရုံးချိန်တွင် ဗဟန်းမြို့နယ်က လ.ဝ.ကမှူး၊ ရဲစခန်းမှူးနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက အမျိုးသမီးတစ်ဦးတို့ သုံးဦးကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား ၂ ရပ်ကွက်အတွင်း ဖွင့်လှစ်ထားသည့် Gastro buddha Bar ဓါတ်ပုံဖြင့် လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့ခြင်းဖြစ်ပြီး အဆိုပါဆိုင်မှ ဆိုင်ပိုင်ရှင်ကို သူရိန်ထွန်း၊ အထွေထွေမန်နေဂျာ နယူဇီလန်နိုင်ငံသား မစ္စတာဖီးလ် လစ်နှင့် မန်နေဂျာကိုထွဋ်ကိုကိုလွင်တို့ သုံးဦးကို အရေးယူခဲ့ခြင်းဖြစ်သည်။

အဆိုပါကြော်ငြာဓါတ်ပုံကို ဒီဇင်ဘာလ ၁၄ ရက်တွင် ပြုလုပ်မည့် ဆိုင်အရောင်းမြှင့်တင်ရန်အတွက် ရည်ရွယ်၍ ဆိုင်အထွေထွေမန်နေဂျာ မစ္စတာဖီးလ်က ၎င်း၏ စိတ်ကူးဖြင့် လူမှုကွန်ယက်ပေါ်သို့ တင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းသို့ လူမှုကွန်ယက်ပေါ်တွင်ပျံ့နှံ့ခဲ့သည့် ဗုဒ္ဓဓါတ်ပုံနှင့်ပက်သက်၍ ပြည်သူများကို ထိခိုက်အောင် ပြုမူခဲ့မိ သည့်အတွက် ဝမ်းနည်းပြီး မည်သူတစ်ဦးတစ်ယောက်၊ မည်သည့်ဘာသာရေးအစုအဖွဲ့ကိုမှ ထိပါးစေလိုသည့် ရည်ရွယ်ချက်မျိုးမရကြောင်းကို Gastro buddha Bar ဆိုင်က လူမှုကွန်ယက်စာမျက်နှာပေါ် တွင် တောင်းပန်စာထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်ကို ဗဟန်းမြို့မရဲစခန်းက (ပ)၄၉၉/၂၀၁၄၊ သာသနာရေးဆိုင်ရာ ပုဒ်မများဖြစ်သည့် ပြစ်မှုပုဒ်မ ၂၉၅/၂၉၅-က ဖြင့် အမှုဖွင့်ထားပြီး ဗုဒ္ဓရုပ်ပွားတော်ပုံကို နားကြပ်တပ်ပြီး လူမှုကွန်ယက်တွင် ဖော်ပြခဲ့ သဖြင့် ဒေသန္တရအမိန့်ကို ဖောက်ဖျက်ကျူးလွန် သဖြင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၈၈ ဖြင့် အမှုဖွင့်အရေး ယူခဲ့ခြင် ဖြစ်သည်။

ဗဟန်းတရားရုံးတွင် Gastro buddha Bar ဆိုင်ကပိုင်ရှင်နှင့် မန်နေဂျာနှစ်ဦး၏ ဒုတိယအကြိမ်ရုံးချိန်းကို ဝံသာနုရက္ခိတအဖွဲ့၊ ထေရဝါဒဓမ္မ ကွန်ရက်အဖွဲ့နှင့် မျိုးချစ်ဓမ္မ ကွန်ရက်အဖွဲ့တို့ လာရောက်ကြည့်ရှုခဲ့သည်။

"ကျွန်တော်တို့ လာတယ်ဆိုတာက တရားရုံးက ဘာလုပ်မယ်ဆိုတာ သိချင်လို့လာတာပါ။ သက်ဆိုင်ရာက ဥပဒေအတိုင်း လုပ်မလုပ် စောင့်ကြည့်ရုံပါပဲ"ဟု ထေရဝါဒ ဓမ္မကွန်ရက်အဖွဲ့က အလုပ်အမှုဆောင် ဦးဝင်းသိန်းကပြောသည်။

အဆိုပါအမှုနှင့်ပက်သက်ပြီး ဗဟန်းတရားရုံးကို တတိယအကြိမ်ရုံးချိန်းကို ဒီဇင်ဘာလ ၂၆ ရက်၊ နံနက် ၁၀ နာရီတွင် ဆက်လက်စစ် ဆေးသွားမည်ဖြစ်ပြီး တတိယအကြိမ်ရုံးချိန်းတွင် တရားခံနှင့် တရားခံပြသက်သများကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။

Most read this week