မော်လမြိုင်မြို့တွင် လုံးခြုံရေးများ ယခင်ကထက် တင်းတင်းကြပ်ကြပ် ချထား

မော်လမြိုင်မြို့တွင် လုံးခြုံရေးများ ယခင်ကထက် တင်းတင်းကြပ်ကြပ် ချထား
by -
ပနွတ်ကျား
မော်လမြိုင်မြို့တွင်းနှင့် မြို့အဝင်အထွက်ဂိတ်များတွင် လက်နက်နှင့်ယူနီဖောင်းအပြည့်အစုံ ရဲနှင့်စစ်သား လုံခြံုရေးအစောင့်များ ပို၍ချသည်ဟု သိရသည်။ လွန်ခဲ့သော မေလ ၂၇ နေ့ မော်လမြိုင်မြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်ပိုင်း နောက်ထပ် ပေါက်ကွဲမှု မဖြစ်ပွားအောင် ယခုအချိန်အထိ ...

မော်လမြိုင်မြို့တွင်းနှင့် မြို့အဝင်အထွက်ဂိတ်များတွင် လက်နက်နှင့်ယူနီဖောင်းအပြည့်အစုံ ရဲနှင့်စစ်သား လုံခြံုရေးအစောင့်များ ပို၍ချသည်ဟု သိရသည်။

လွန်ခဲ့သော မေလ ၂၇ နေ့ မော်လမြိုင်မြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်ပိုင်း နောက်ထပ် ပေါက်ကွဲမှု မဖြစ်ပွားအောင် ယခုအချိန်အထိ လုံခြံုရေးများအစောင့်များ တင်းကျပ်ထားသည်ဟု မော်လမြိုင်ခံများက ပြောသည်။

လူများ ရှုပ်ထွေးသော လေးထပ်စျေး၊ စျေးကြို သံလွင်တံတား မော်လမြိုင်ဘက်ကမ်းတွင်လည်း ရဲနှင့်စစ်သားအစောင့်များ တိုး၍ ချထားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ကျနော်ဒီနေ့ မော်လမြိုင်အောက်စျေး ကျော်ကျော်စာပေ(၂)စာအုပ်ဆိုင်မှာ စာအုပ် သွားဝယ်တယ်၊ ဆိုင်ထဲမှာ လက်နက်နဲ့ယူနီဖောင်းအပြည့်အစုံ ရဲတစ်တစ်ယောက်စောင့်နေတယ်။ အပေါ်စျေးနှင့် အောက်စျေးမှာလည်း ရဲတွေစောင့်နေတယ်” ဟု မော်လမြိုင်စျေးသွားဝယ်သူတစ်ဦးက ပြောပါသည်။

ဖားအောက်ရိုးဂိုး မြို့ပြင်ဂိတ်တွင်လည်း  အထွက်ဘက်တွင် မစစ်ဆေးသော်လည်း မြို့အဝင်တွင် စစ်ဆေးမှုများ တင်းကြပ်နေသည်ဟု ခရီးသွား တစ်ဦးက ပြောသည်။

“လမ်းကြောင်းတစ်လျောက်ဆိုရင် အရင်ကထက်လုံခြုံရေးတွေကို ချထားတာ၊ အရင်က ဒီ လောက်မတင်းကျပ်ဘူး။ အခုက တော်တော်ကိုများနေတာ၊ တစ်နေရာဆို လေးငါးယောက် လေးငါးယောက်ရှိနေတယ်” ဟု မော်လမြိုင်စျေးကြိုရပ်ကွက်ခံတစ်ဦးကပြောသည်။

ပေါင်မြို့တွင် ည ၁ဝးဝဝ နာရီကျော်လျှင် အပြင်ထွက်သွားလာခွင့်ကို လွန်ခဲ့သော နှစ်ပတ်က မြို့အာဏာပိုင်များက ပိတ်ပင်ထားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။