အထက်တန်း အခမဲ့ပညာရေးစနစ်ကိုလာမည့် ပညာသင်နှစ်မှစ၍ အကောင်အထည်ဖော်မည်ဟု မြန်မာနိုင်ငံ ဘက်စုံလွှမ်းခြံုနိုင်သော ပညာရေးကဏ္ဍလေ့လာ သုံးသပ်ရေးလုပ်ငန်း (CESR) အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်းက ပြောသည်။
အဆိုပါ ပြောကြားချက်ကို ဒီဇင်ဘာ ၁၇ ရက် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ပြုလုပ်သည့် အမျိုးသားပညာရေး ဥပဒေဆိုင်ရာ ကဏ္ဍအလိုက်(မူကြမ်း) ရှင်းလင်းခြင်းနှင့် အမျိုးသားပညာရေး စီမံကိန်းရေး ဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဒေါက်တာမြင့်သိန်းက “မူလတန်း ပညာရေးအခြေခိုင်မှ အဆင့်မြင့်ပညာသင်တဲ့အခါ အခြေခိုင်မှာ ဖြစ်ပါ တယ်။ မသင်မနေရ သတ်မှတ်ပြီး နည်းမျိုးစုံနဲ့ ကျောင်းနေနှုန်း မြင့်မားအောင် ဆောင်ရွက်ပါမယ်” ဟု ပြော သည်
၂၀၁၄-၁၅ ပညာသင်နှစ်တွင် အထက်တန်းပညာသင်စရိတ်မှာ ကျောင်းလခ ကျပ် ၁,၀၀၀၊ မိဘဆရာ အသင်းကြေး ကျပ် ၅၀၀၊ ပရိဘောဂကြေး ကျပ် ၅၀၀၊ ပုံနှိပ် စာအုပ် ကျပ် ၅,၆၀၀ ကို ကျောင်းစတင် အပ်နှံ စဉ် ကျောင်းသားတိုင်းက ကျခံရသည် ဟု အထက်တန်းဆရာ ဦးအောင်ဌေး ထံမှသိရသည်။ (ကျောင်း အ မည် မထည့်ဖို့ ကာ ယကံရှင်က မေတ္တာရပ်ခံထားပါတယ်)
လာမည့် ပညာသင်နှစ်တွင် အထက်တန်းပညာရေးဖြစ်သည့် နဝမတန်းနှင့် တက္ကသိုလ်ဝင်တန်း တက် ရောက်သည့် ကျောင်းသား၊ ကျောင်းသူ တိုင်း အထက်ပါ ကုန်ကျစရိတ်များ အခမဲ့ဖြစ်မည် ဖြစ်သည်။
မသင်မနေရ အခမဲ့ပညာရေးစနစ် ကျင့်သုံးရာတွင် ကျောင်းပုံမှန်တက်ရောက်ရာ ပထဝီအနေအထားအရ သွားရောက်ရန် အခက်အခဲ ရှိခြင်း၊ ကျောင်းတက်ရန် မသင့်လျော်ဟု ဆရာဝန်တစ်ဦးဦးက ဖြစ်စေ၊ သို့မ ဟုတ် ကောက်ချက်ချခွင့်ရှိသူ ဖြစ်စေ၊ စိတ်ပိုင်းနှင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ချို့ယွင်းသူများ ကင်းလွတ်ခွင့်များ ရှိခြင်း၊ ပုဂ္ဂလိကကျောင်းများတွင် သင်ကြားနေသည့် အထောက်အထားရှိပါက အစိုးရကျောင်းများသို့ဆွဲ သွင်း သင်ကြားခြင်း ပြုမည်မဟုတ်ပေ။
ထိုသို့ အခမဲ့ပညာရေးစနစ် ကျင့်သုံးရာတွင် ကျောင်းများကို ပံ့ကူပေးရာ၌ အစိုးရကျောင်း၊ အစိုးရ အထောက်အပ့ံခံ ကျောင်းများ၊ ဘုန်းတော်ကြီး သင်ကျောင်းများ၊ ပရဟိတကျောင်းများ၊ အထူးပညာရေး အကျုံးဝင်ကျောင်းများ၊ ရွေ့လျားနှင့် အရေးပေါ်ကျောင်းများ၊ ၀န်ကြီးဌာန၊ သို့မဟုတ် သက်ဆိုင်ရာဝန်ကြီး ဌာနက အခါအားလျော်စွာ သတ်မှတ်ပေးသည့် ကျောင်းများကို နိုင်ငံတော်အစိုးရက လိုအပ်သည့် ဆရာ အင်အား ထောက်ပံ့ပေးခြင်း ၊ ကျောင်းသား၊ ကျောင်းသူများကို ဗလာစာအုပ်၊ ကျောင်းသုံးစာအုပ်နှင့် ငွေကျပ် ၁,၀၀၀ ထောက်ပံ့ပေးထားခြင်း၊ ကျောင်းဝတ်စုံများ ထောက်ပံ့ပေးခြင်း၊ ကျောင်းများကို အသေးစား အသုံးစရိတ် များ ထောက်ပံ့ခြင်း၊ ကျောင်းအဆောက်အအုံ ဆောက်လုပ်ပေးခြင်းတို့ကို အစိုးရက ပံ့ကူပေး သွားမည် ဖြစ်သည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာခင်စန်းရီက “လူတိုင်း အခြေခံ စာတတ်မြောက်ရေး အတွက် ဆင်းရဲတဲ့ ဒေသတွေက ထမင်းတောင်နပ်မမှန် တဲ့ဒေသက ကလေးတွေ စာသင်နိုင်အောင်ဘယ် လိုလုပ်ရမလဲဆိုတာကအစ စဉ်းစားရပါတယ်။ မသင်မနေရ ပညာရေး အကောင်ထည်ဖော်နိုင်ဖို့ အဖွဲ့အား လုံးနဲ့ချိတ်ဆက်ပြီး ဆောင်ရွက်ပါမယ်” ဟု ပြောသည်။
၂၀၁၄-၁၅ ခုနှစ် ပညာသင်နှစ်တွင် မူလတန်းကျောင်းနေနှုန်း ငါးသန်းကျော်၊ အလယ်တန်း အဆင့် ကျောင်း နေနှုန်း ၂ ဒသမ ရ သန်းသာရှိသည့်အတွက် ထက်ဝက်ခန့် ကျောင်းနေနှုန်း လျော့နည်းနေ သည်ဟုလည်း ၎င်းက ဆိုသည်။ထို့ကြောင့် အဆင့်တစ်ဆင့်တွင် ကျောင်းမတက်နိုင်တော့သည့် ကလေးများ လေလွင့်ခြင်း မရှိစေရန် အသက်မွေးပညာကဏ္ဍများနှင့် ချိတ်ဆက်ကာ သင်ကြားပေးရမည် ဖြစ်ကြောင်း၊ အဆိုပါ က လေးများ၏ ပညာတတ်မြောက်မှု၊ နေထိုင်စားသောက်မှု ဆိုင်ရာများကို ထည့်သွင်းစဉ်းစားကြရန် ၀န်ကြီး ဒေါက်တာ ခင်စန်းရီက ဒီဇင်ဘာ ၁၇ ရက် အမျိုးသားပညာရေး ဥပဒေဆိုင်ရာကဏ္ဍအလိုက်(မူကြမ်း) ရှင်း လင်းခြင်းနှင့်အမျိုးသား ပညာရေးစီမံကိန်း ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် တိုက်တွန်းခဲ့သည်။
ဒေါက်တာမြင့်သိန်းသည် အခမဲ့ မသင်မနေရ မူလတန်း ပညာရေးဥပဒေ(မူကြမ်း)တင်သွင်းခဲ့သူဖြစ်ပြီး ထို ဥပဒေအရ အခြေခံပညာရေး၏ မသင်မနေရ အခမဲ့ပညာရေးများ အကောင်အထည် ဖော်လာခြင်း ဖြစ် သည်။
မသင်မနေရ မူလတန်း အခမဲ့ပညာရေးကို ၂၀၁၂-၁၃ ခုနှစ် ပညာသင်နှစ်မှ စတင် အကောင်အထည်ဖော် နေ ပြီး မသင်မနေရ အလယ်တန်း အခမဲ့ပညာရေးကို ၂၀၁၄-၁၅ ခုနှစ်ပညာသင်နှစ်မှ စတင်အကောင်အ ထည် ဖော်ခဲ့သည်။ ထိုသို့ အခမဲ့ ပညာရေးစနစ် တိုးမြှင့် လုပ်ဆောင်လာသော် လည်း ကျောင်းနေနှုန်း သိသိ သာသာ တိုးမြှင့်လာခြင်းမရှိသည့်အတွက် အခြေခံပညာရေးတွင် အခြေခံ ခိုင်မာမှသာ အဆင့်မြင့် ပညာ သင်ကြားရေးတွင် အခြေခိုင်မည့်ဖြစ်သည့်အတွက် အခြေခံပညာခိုင်မာရန် အခြေခံပညာဥပဒေနှင့် မသင်မရ ဥပဒေများကို ရေးဆွဲထားပြီ ဖြစ်သည်ဟု ဒေါက်တာ ခင်စန်းရီက ဆိုသည်။
၂၀၁၄-၁၅ ပညာသင်နှစ်တွင် အဋ္ဌမတန်းတက်ရောက်နေသည့် မောင်အောင် နိုင်ထွန်း၏ မိခင်ဖြစ်သူ ဒေါ်သင်းသင်းလွင်က အလယ်တန်း အခမဲ့ပညာသင်စနစ်အရ ကျောင်းအပ်နှံခ၊ ကျောင်းလခ၊ ကျောင်းဖတ် စာအုပ်များ ကင်းလွတ်ခွင့်ရသော်လည်း ရေဖိုး၊ သန့်ရှင်းရေးဖိုး အပါအဝင် အထွေထွေ အသုံးစရိတ်အတွက် တစ်လလျှင် ကျပ် ၅,၀၀၀ ဝန်းကျင် ပေးနေရသည်ဟု ဆိုသည်။