မွန်ပြည်နယ် ရေးမြို့နယ်နှင့် တနင်္သာရီတိုင်း အစပ်ရှိ မလွှဲတောင်၌ ထားဝယ်-ရန်ကုန် ခရီးသည်တင် ယာဉ်လိုင်းတစ်စီးအား ဓါးပြတိုက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) မှ ဗိုလ်တစ်ဦးနှင့် တပ်သားတစ်ဦးအား ပစ်သတ်ခဲ့သည့် လက်သည်မှာ ရေဖြူမြို့နယ်အခြေစိုက် ဓါးပြအဖွဲ့ဖြစ်သည်ဟု ဓားပြအဖွဲ့နှင့် နီးစပ်သည့် အမည်မဖော်လိုသူက မဇ္စျိမကို ပြောသည်။
ထိုသူ၏ ပြောဆိုချက်အရ ဓားပြများမှာ နိုင်အလွန်နှင့် နိုင်အဆောင်းတို့ ညီအကို ဦးဆောင်သည့် အဖွဲ့ဟု ဆိုသည်။
“သူတို့ နှစ်ယောက်ပဲ၊ ညီအစ်ကိုတွေ မနေ့ကပဲ ကျွန်တော်နဲ့တွေ့ပြီး သူတို့ပြောပြတယ်၊ သူတို့ ဓါးပြတိုက်နေတုန်း KNU က နှစ်ယောက်ရောက်လာတော့ စစ်ဝတ်စုံတွေနဲ့ဆိုတော့ အစိုးရတပ်က လိုက်လာတာဆိုတဲ့ အထင်နဲ့ ပစ်လိုက်တာ” ဟု ၎င်း ဓါးပြအဖွဲ့နှင့် နီးစပ်သည့် အမည် မဖော်လိုသူ က ပြောသည်။
လက်ရှိတွင် အဆိုပါ အလွန်နှင့် အဆောင်း ညီအစ်ကို နှစ်ဦး တို့သည် တနင်္သာရီတိုင်းအတွင်း ထွက်ပြေး တိမ်ရှောင်နေကြသည်ဟု ဆိုသည်။
ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် KNU တပ်မဟာ (၄)၏ လက်နက် အတိုတစ်လက်နှင့် အရှည်တစ်လက်တို့ အား ၎င်းတို့နှစ်ဦးက သိမ်းယူသွားခဲ့သည်ဟု ဆိုသည်။
တနင်္သာရီတိုင်း ထားဝယ်မြို့မှ ရန်ကုန်သို့ ထွက်ခွာလာသည့် အောင်ရတနာ ခရီးသည်တင်ကားကို ဒီဇင်ဘာလ ၁၀ရက် ညနေက ၎င်းတို့ ညီအကိုနှစ်ဦးက ဓါးပြတိုက်ခဲ့ပြီး ခရီးသွားနေသည့် KNU တပ်မဟာ (၄)မှ တပ်သားနှစ်ဦးနှင့် မလွှဲတောင် နယ်ခြားစစ်ဆေးရေးစခန်းနှင့် ၂မိုင်အကွာ၌ တွေ့ပြီး ပစ်ခတ်မှုဖြစ်၍ KNU တပ်သား နှစ်ဦးလုံး သေဆုံးခဲ့ရသည်။
ယင်းဖြစ်စဉ်အပြီး ဒီဇင်ဘာလ ၁၁ ရက်က တနင်္သာရီတိုင်း လုံခြံုရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်မှ ၎င်းဓါးမြအဖွဲ့အား တပ်တော် စစ်ကြောင်းများမှ ရှင်းလင်းရေး လုပ်သွားမည်ဟု ထားဝယ်မြို့ရှိ KNU ဆက်ဆံရေးရုံးထံ တယ်လီဖုန်းဖြင့် ဆက်သွယ်၍ ပြောကြားထားသည်ဟု KNU ထားဝယ် ဆက်ဆံရေးရုံးမှ တာရှိသူ တစ်ဦးဖြစ်သည့် စောခူးရယ်က မဇ္စျိမကို ပြောသည်။
လက်ရှိ၌ နိုင်အလွန်နှင့် အဆောင်းတို့ ဓါးပြ အဖွဲ့သည် ရေဖြူမြို့နယ် ပေါက်ပင်ကွင်း ကျေးရွာ တဝိုက်အား အခြေပြု၍ လှုပ်ရှားလျက်ရှိသည်။