ထိုင်းနိုင်ငံရှိ တရားမဝင်မြန်မာရွှေ့ ပြောင်းလုပ်သားများနှင့် လေးနှစ်ဗီဇာသက် တမ်းကုန်ဆုံးသူများကို စက်ရုံအလုပ်ရုံများအထိ သွားရောက်စစ်ဆေးကာ ပတ်စ်ပို့ ထုတ်ပေးနိုင်ရန် ထိုင်းနိုင်ငံ အလုပ်သမားရေးရာ ကျွမ်းကျင်သူများနှင့် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန နေပြည်တော်တို့ ဂရင်း အမရဟိုတယ်တွင် ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်လျက် ရှိသည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား သုံးသန်းခန့်ရှိသည်ဟု ခန့်မှန်းထားပြီး လတ်တလောတွင် ၂၀၁၃ ခုနှစ်က တရားမဝင် မြန်မာ အလုပ်သမား ၁ ဒသမ ရ သန်းကို ပတ်စ်ပို့များထုတ် ပေးထားပြီး ဖြစ်သည်။
“ကွင်းဆင်းမယ့်အဖွဲ့တွေ ဖွဲ့ပြီးပြီ။ ဘယ်နေရာမှာဆောင်ရွက်ပေးမလဲ။ ပတ်စ်ပို့ ထုတ်ပေးတာက အရမ်းအရေးကြီးပါတယ်။ အချုပ်အခြာအာဏာရှိတဲ့ နေရာမှာ ထုတ်ပေးမှာ။ ဘာတွေလုပ်ပေးမယ်။ ဘယ်နေရာမှာ လုပ်ပေးမယ်ဆိုတာ ပြောမှာပါ။ ဆွေးနွေး စရာလေးတွေ ရှိသေးတယ်” ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင် က ပြောသည်။
လတ်တလောတွင် လေးနှစ်သက်တမ်း ကုန်ဆုံးသူများကို နယ်စပ်ဂိတ်များတွင် သက်တမ်းတိုးခြင်း လုပ်ငန်းများကို လုပ်ဆောင်ပေးလျက် ရှိသည်။ မြန်မာရွှေ့ပြောင်း လုပ်သားများသည် တရားဝင်ပတ်စ်ပို့ နေထိုင်ခွင့် များဖြင့် လုပ်ကိုင်မှသာလျှင် ထိုင်းနိုင်ငံ၏ အလုပ်သမား အခွင့်အရေးများကို ရရှိမည် ဖြစ်သည်။
ဆွေးနွေးပွဲကို ထိုင်းနိုင်ငံရှိ အလုပ်သမားရေးရာ ကျွမ်းကျင်သူများနှင့် မြန်မာနိုင်ငံမှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့၊ အင်အားဝန်ကြီးဌာန၊ နိုင်ငံခြားရေးရာ ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန် ကြီးဌာနတို့ နှစ်ရက်ကြာဆွေးနွေး မည် ဖြစ်သည်။
ထိုင်းနိုင်ငံတွင် တရားဝင်ပတ်စ်ပို့ရုံးထုတ်ပေးနိုင်ရေးအတွက် ရုံးပေါင်းမည်မျှဖွင့်ပေးမည်ကိုလည်း ဆွေးနွေး ညှိနှိုင်းပြီး မည်သည့်အချိန်တွင် စတင်လုပ်ဆောင်ပေးမည်ကို ထုတ်ပြန်ကြေညာပေးမည်ဟု ဒု-၀န်ကြီးက ဆိုသည်။ ယခင်နှစ်များက အထောက်အထားနှင့် ပတ်စ်ပို့ထုတ်ပေးရန် ထိုင်းနိုင်ငံတွင် ရုံးပေါင်း ၁၁ ခုအထိ ဖွင့်လှစ်နိုင်ခဲ့သည်။
ထိုင်းနိုင်ငံရှိရွှေ့ပြောင်းလုပ်သား ၁ ဒသမ ၃ သန်းကျော်ကို တရားဝင်ဖြစ်ရန် ဆောင်ရွက်ပေးရမည်ဟု ခန့်မှန်းထားပြီး လတ်တလောတွင် ထိုင်းနိုင်ငံက တရားမဝင် မြန်မာအလုပ်သမားများကို ယာယီထောက်ခံစာ အဖြစ် စုစုပေါင်း ခြောက်သိန်း လေးသောင်းကျော် ထုတ်ပေးထား သည်ဟု သိရသည်။