ဗိုလ်မှူးကျော်စွာဝင်း ထောင်ကျသည်မှာ ပုဒ်မ ၄၃၆ နှင့် မဆိုင်ဟု ဦးရဲထွဋ့်ငြင်းဆို

ဗိုလ်မှူးကျော်စွာဝင်း ထောင်ကျသည်မှာ ပုဒ်မ ၄၃၆ နှင့် မဆိုင်ဟု ဦးရဲထွဋ့်ငြင်းဆို
by -
မဇ္စျိမ

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အဓိကကျသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လက်မှတ်ရေးထိုးခဲ့သည့် ဗိုလ်မှူး ကျော်စွာဝင်း ထောင်၂ နှစ် ချခံရခြင်းသည် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးခြင်းနှင့် မဆိုင်ဘဲ တပ်တွင်းပြစ်မှု တစ်ခုကြောင့်သာ ဖြစ်သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ငြင်းဆိုလိုက်သည်။

"ပထမတစ်ခုက ဗိုလ်မှူးကျော်စွာဝင်းကို အရေးယူတာ ကျွန်တော်သိသလောက်တော့ ပုဒ်မ၄၃၆ ပြင်ဆင်ဖို့ လက်မှတ်ထိုးတာ၊ မထိုးတာနဲ့ မဆိုင်ပါဘူး။ သူတပ်မှာ တာဝန်ယူခဲ့စဉ်မှာ တပ်မှူးတာဝန်ယူတုန်းက မှုခင်းတစ်ခုကြောင့်ဖြစ်တာပါ။ အဲဒါကို ပုဒ်မ (၄၃၆)ကို လက်မှတ် ထိုးလို့ဆိုတာ တပ်မတော်ကို သက်သက်သတင်းအမှားတွေ ဖြန့်နေတာပါ" ဟု ဦးရဲထွဋ်က ဒီဇင်ဘာလ ၉ ရက်က မဇ္စျိမကို ပြောသည်။

ပီအာစနစ် ကန့်ကွက်ဆန္ဒထုတ်ဖော်ခြင်းကို ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံတွင် နိုဝင်ဘာလ ၁၂ ရက် ညနေပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္စျိမ)

ဗိုလ်မှူးကျော်စွာဝင်း တပ်မှူးတာဝန်ထမ်းစဉ်က ကျူးလွန်ခဲ့သည်ဆိုသည့် မှုခင်းကို တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးတွေ့ရှိပြီး စစ်ခုံရုံးက အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု ဝန်ကြီးက ဆိုသည်။

ဗိုလ်မှူး ကျော်စွာဝင်း၏ ဇနီးဖြစ်သူကမူ ၎င်း၏ ခင်ပွန်းသည် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် စစ်တပ်၏ အခန်းကဏ္ဍ လျော့ချရေး တွက် ထောက်ခံ လက်မှတ်ထိုးခြင်းကြောင့် ထောင်နှစ်နှစ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ရိုက်တာသတင်းဌာနကို ပြောကြားထားသည်။

ဗိုလ်မှူးကျော်စွာဝင်းအား ဧပြီလက ဖမ်းဆီးခဲ့၍ တပ်မှူးတာဝန်ယူခဲ့သည့် ကာလတွင် ဖြစ်ပွားခဲ့သည့် မှုခင်းအား  စစ်ခုံရုံးမှ စစ်ဆေးပြီး ပုဒ်မ (၄၁) အမိန့် မနာခံမှုနဲ့ ပုဒ်မ (၆၅) စစ်စည်းကမ်းနဲ့မညီဘဲ ပြုမူပြောဆိုမှုတို့ဖြင့် ထောင်ဒဏ် (၂) နှစ်ချမှတ်လိုက်ကာ မန္တလေး အိုးဘိုထောင်၌ ထိန်းသိမ်းထားသည်ဟု VOA သတင်းဌာနကလည်း ရေးသားထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ကာ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုကို ထောက်ခံသည့် အနေဖြင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်တွင် ဗိုလ်မှူး ကျော်စွာဝင်းက လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

၎င်းကို ထောင်ဒဏ်ချမှတ် အရေးယူခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အပေါ် သံသယပို ကြီးမားစေခဲ့သည် ဟု အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်ရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) ၏ အာရှရေးရာ တာဝန်ခံ Brad Adams က VOA သတင်းဌာနကို ပြောကြားထားသည်။

လူ့အခွင့်အရေးကော်မရှင် ဒု-ဥက္ကဌ ဦးစစ်မြိုင် က "ထုတ်ပြန်ထားတဲ့ စစ်စည်းကမ်းအရ သူဘာကိုကျူးလွန်တာလဲ ဆိုတာကြည့်ရဦးမယ်။ တဖက်တည်းကြည့်လို့မရဘူး။ ၄၃၆လက်မှတ်ထိုးလို့ ထောင်နှစ်နှစ် ချလိုက်တယ်ဆိုတဲ့ သတင်းကတော့ ထူးခြားတယ်" ဟု မဇ္စျိမကို ပြောသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းမှ ကိုမြအေးက "ဒီလုပ်ရပ်ပေါ် ကျွန်တော်မကြိုက်ဘူး။ အဓိပ္ပါယ်လည်းမရှိဘူး။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် လွှတ်တော်မှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ လွတ်လွတ်လပ်လပ် ဆွေးနွေးပိုင်ခွင့် ရှိတယ်လို့ ပြောတယ်။ (၄၃၆)ပြင်ဖို့ ဗိုလ်မှူးတစ်ယောက် အနေနဲ့ တောင်းဆိုလက်မှတ်ထိုးတာ အပြစ်မဟုတ်ပါဘူး။ အဲဒါ လူအခွင့်အရေးကို ချိုးဖောက်တာပဲ" ဟု မဇ္စျိမကို ပြောသည်။

သို့သော် ဝန်ကြီးဦးရဲထွဋ်အပါအဝင် စစ်တပ်အသိုင်းအဝိုင်းကမူ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ထောက်ခံခြင်းကြောင့် ထောင်ကျရသည်ဆိုသည့် အချက်ကို ငြင်းဆိုထားသည်။

အငြိမ်းစားဗိုလ်ကြီး တစ်ဦးဖြစ်ပြီး လက်ရှိတွင် တပ်မတော်သားများအတွက် ပရဟိတဝန်ဆောင်မှု လုပ်နေသည့်  ဦးရောင်နီဦးက "ကျွန်တော်သိတာက ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ထိုးလို့မဟုတ်ဘူး။ သူတပ်မှူးဘဝမှာတုန်းက မှုခင်းတစ်ခု ရှိတယ်လို့ကြားတယ်၊ အဲဒီ အမှုကို စစ်ခုံရုံးက စစ်ဆေးနေတုန်း စီရင်ချက်က မကျသေးဘူး။ အဲဒီအချိန် ၄၃၆ပြင်ဆင်ရေး ပြည်သူ့ဆန္ဒကောက်ခံတဲ့ အချိန် လက်မှတ်ထိုး နေတဲ့အချိန် သူက လက်မှတ်သွားထိုးတာပါ" ဟု မဇ္စျိမကို ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် နိုဝင်ဘာ ၁၃ရက်က ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၏ အဆိုကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်ဆို ဆွေးနွေးခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကာ မြန်မာတစ်ပြည်လုံးရှိ မြို့နယ်များတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး စည်းရုံးလှုပ်ရှားမှုများကို ၂၀၁၄ခုနှစ် မေလ ၂၇ ရက်မှ ဇူလိုင်လ ၁၉ ရက်အထိ ကောက်ခံခဲ့ရာ လက်မှတ် ၅ သန်းကျော် ရရှိထားပြီး ယင်းလက်မှတ်များကို လွှတ်တော်၌ တင်ပြထားသည်။