ရှမ်း အရှေ့နှင့် တောင်ပိုင်းမှ တရုတ်သို့ တရားမဝင်သစ် တင်ပို့မှု တားဆီးရန် ခက်ခဲနေ

ရှမ်း အရှေ့နှင့် တောင်ပိုင်းမှ တရုတ်သို့ တရားမဝင်သစ် တင်ပို့မှု တားဆီးရန် ခက်ခဲနေ
by -
မဇ္စျိမ

 ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများမှ ထုတ်လုပ်သော သစ်များကို တရုတ်နိုင်ငံသို့ တရားမဝင်
တင်ပို့မှုများကို တားဆီးရန် ခက်ခဲနေ၍ အဓိက တာဝန်ရှိသော သစ်တောဦးစီးဌာန၊ သက်ဆိုင်ရာဌာန များနှင့် ဒေသတွင်း လက်နက်ကိုင် အဖွဲ့များ ပူးပေါင်းတားဆီးသွားနိုင်ရန် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီက ဒီဇင်ဘာလဆန်းပိုင်းတွင် တိုက်တွန်းထားသည်။

ယင်းဒေသများမှ ထုတ်လုပ်သော သစ်များကို ယခင်နှစ်များက အိမ်နီးချင်း တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခဲ့သော်လည်း ၂၀၁၄ ခုနှစ် ဧပြီလမှစ၍ ပြည်ပသို့ သစ်လုံးတင်ပို့ခွင့် ပိတ်ခဲ့သဖြင့် ခုတ်လှဲပြီး သစ်လုံးများစွာ သစ်တောများ၌ ကျန်ရှိနေသေးခြင်းဖြစ်သည်။

Myanmar-Wood

“တချို့က နည်းမျိုးစုံနဲ့ သယ်ယူပြီး တရုတ်နိုင်ငံကို တင်ပို့နေကြသလို တချို့ကလည်း သစ်အချောထည် ပရိဘောဂ စက်ရုံတည်ပြီး ပရိဘောဂ ထုတ်လုပ်ဖို့ စီစဉ်နေတာတွေလည်း ရှိတယ်လို့ သိရပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တရားမဝင်သစ်များကို လက်ရှိတွင် မိုင်းတုံ - မိုင်းဆက် - ကျိုင်းတုံ - မိုင်းလားကားလမ်း၊ မိုင်းတုံ - မိုင်းဆတ် - ဝမ်ပုံ ရေလမ်းနှင့် မိုင်းတုံ - မိုင်းဆတ် - မိုင်းပြတ် - တာလေ - ကျိုင်းလပ် ရေလမ်းတို့ဖြင့် သယ်ဆောင်နေခြင်း ဖြစ်သည်။

ထို့ပြင် ယခုအချိန်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် ရှောင်ကွင်းလမ်းများမှ သယ်ဆောင်မှုများလည်း ရှိလာပြီး ရှောင်းကွင်းလမ်းများမှာ ကိုးခုထက်မနည်း တည်ရှိနေခြင်း ဖြစ်သည်။

တရားမဝင် ကုန်သွယ်မှုများကို မိုဘိုင်းအဖွဲ့များမှ တားဆီးစစ်ဆေးနေသော်လည်း တာချီလိတ် မိုဘိုင်းအဖွဲ့သည် ဝမ်ပုံဆိပ်ကမ်းမှ တစ်ဆင့် သယ်ဆောင်လာသော သစ်များကိုသာ လက်လှမ်းမီပြီး မိုင်းတုံ၊ မိုင်းဆတ်မှ ကျိုင်းတုံ ဘက်သို့ သယ်ဆောင်မည့်သစ်များကို တားဆီးရန် ခက်ခဲလျက် ရှိသည်။ လက်ရှိတွင် လွယ်တော်ခမ်း၊ ဝှေ့ရဲ၊ ဝှေ့လေလန်တို့တွင် တာချီလိတ်မိုဘိုင်းအဖွဲ့က ပိတ်ဆို့တားဆီးနေသည်ဟု ဆိုသည်။

ထို့ပြင် ကျိုင်းတုံမိုဘိုင်း အဖွဲ့သည် မိုင်းလားသို့ ထွက်မည့်သစ်များကို နောင်ငင်းဂိတ်မှ တားဆီးနိုင်သော်လည်း မိုင်းတုံ-တာဆန်း-မိုင်းပန် လမ်းကြောင်းနှင့် မိုင်းဖြတ် - တာလေ - ကျိုင်းလပ် လမ်းကြောင်းကို တရားမဝင် ကုန်သွယ် သူများက ပြောင်းလဲအသုံးပြုနေ၍ တိုးမြှင့် တားဆီးနိုင်ရန် စီစဉ်လျက်ရှိသည်။

ရှောင်ကွင်းလမ်းများမှ သစ်များကို တရားမဝင်တင်ပို့မှုကြောင့် ထိခိုက်အန္တရာယ်များလည်း ဖြစ်ပေါ်နေပြီး နို၀င် ဘာ ၁၆ ရက်က မိုင်တုံမြို့နယ်နှင့် သံလွင့်မြစ်ကူး တာဆန်းတံတားအကြား တောင်သုံးလုံးတောင်းကြားတွင် သစ်ကား တစ်စီး တိမ်းမှောက်ရာ ယာဉ်ပေါ်ပါ ၁၀ ဦးအနက် သုံးဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီက သတင်း ထုတ်ပြန်ထားသည်။

Most read this week