အမျိုးသမီးများကို အကြမ်းဖက်မှုမှ ကာကွယ်ပေးရန် ရည်ရွယ်၍ ရေးဆွဲနေသော "အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ရေး စောင့်ရှောက်ရေး ဥပဒေ" သည် မြန်မာ အမျိုးသမီးများကို သာမက ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် စတင် အသက်ဝင်မည့် အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) အရ မြန်မာနိုင်ငံသို့ ရောက်ရှိလာမည့် နိုင်ငံခြားသူများ အပေါ်တွင်ပါ အကျိုးရှိစေမည့် ဥပဒေဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်မာထွန်းက ပြောသည်။
ဒီဇင်ဘာ ၆ရက်က ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ အမျိုးသမီး ဖိုရမ် ဒုတိယနေ့တွင် ပြောကြား လိုက်ခြင်းဖြစ်သည်။
“ဒီဥပဒေက လိင်ပိုင်းဆိုင်ရာသာမက ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အကြမ်းဖက်ခံရပါတယ်ဆိုတဲ့ သက်သေရှိရင် ပြစ်မှုမြောက်ကြောင်း ဆုံးဖြတ်မှာပါ။ အေအီးစီဖြစ် လာတဲ့အခါ သူများနိုင်ငံ ကလည်း ကိုယ့်ဘက်လာမယ်၊ ကိုယ့်ဘက် ကလည်း သွားမှာပဲ။ ကိုယ့်ပြည်တွင်းမှာ ရောက်ရှိနေတဲ့ နိုင်ငံခြားသူတွေ အတွက်ပါအကျံုးဝင်ပြီး အကျိုးသက်ရောက်မှုရှိစေမှာပါ”ဟု ဒေါ်ခင်မာထွန်းက ဆိုသည်။
အမျိုးသမီး များအပေါ် အကြမ်း ဖက်မှုဆိုင်ရာ ကိစ္စများကို ပြစ်မှုဆိုင်ရာ ဥပဒေ များဖြင့်သာ အရေးယူ အပြစ်ပေး ခဲ့သော်လည်း အဆိုပါ အကြမ်း ဖက်မှုမှ ကာ ကွယ်ရေးဥပဒေ အတည်ပြုပြဌာန်းပြီးပါက ယင်းဥပဒေဖြင့်သာ အရေးယူတော့မည်ဖြစ်သည်။
“အမျိုးသမီး များအား အကြမ်းဖက်မှုမှ ကာကွယ်ရေး ဥပဒေမူကြမ်း ရေးဆွဲနေတာ အခန်း ၁၄ခန်းလောက် ပြီးနေပြီလို့သိရပါတယ။် တော်တော် များများတော့ အကြမ်းရေးပြီးသွားပြီ”ဟုလည်း ၎င်းကဆိုသည်။
ယင်းဥပဒေ မူကြမ်းတွင် ပြစ်မှု သက်ရောက် မှုရှိစေ ရန်အတွက် သက်သေခံ ပစ္စည်းနှင့် တိုင်ကြားရန် အတွက် ကာလ အပိုင်းအခြား ကန့်သတ်မှုများ ပါဝင်မှု မဟုတ်ဘဲ အချိန်အားဖြင့် မည်မျှကြာသည်က ကျူးလွန်ခဲ့သည်ဖြစ်စေ ဟုတ်မှန်ကြောင်း မည့်သည့်နည်းဖြင့်မဆို သက်သေပြနိုင်ပါက ပြစ်မှုမြောက်ကြောင်း ဆုံးဖြတ်နိုင်မည်ဟုလည်း ၎င်းကပြောသည်။
အမျိုးသမီး အရေး တက်ကြွလှုပ် ရှားသူများက အမျိုးသမီး များအား အကြမ်း ဖက်မှုမှ ကာကွယ်ပေးသော ဥပဒေကို အတည်ပြုပြ ဋ္ဌာန်းပေးရန် လှုပ်ရှားမှုများ ရှိနေပြီး ကချင်ငြိမ်း ချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက “အမျိုးသမီးတွေကို တကယ်ကာကွယ်ချင်ရင် ရှုပ်ရှုပ်ထွေးထွေး လုပ်စရာ မလိုဘူး။ အမျိုးသမီးတွေကို အကြမ်း ဖက်မှုက ကာကွယ်ပေး တဲ့ဥပဒေကို အတည်ပြုပေး လိုက်ရုံပဲ”ဟုလည်း ဒီဇင်ဘာ ၅ရက်က ပြောကြား ထားသည်။
အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ကုလ သမဂ္ဂအဖွဲ့အစည်းများနှင့် အရပ်ဖက် အဖွဲ့အစည်း နှစ်ရာကျော် ပူးပေါင်းရေးဆွဲနေခြင်းဖြစ်သည်။