စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှုအပါအဝင် နှစ်ပေါင်း ၂၀ ကြာ တရားမမှုကြီးများကို လေ့လာစုံစမ်းမည်ဟု တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌပြော

စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှုအပါအဝင် နှစ်ပေါင်း ၂၀ ကြာ တရားမမှုကြီးများကို လေ့လာစုံစမ်းမည်ဟု တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌပြော
by -
မဇ္စျိမ

 ရန်ကုန်မြို့ အင်းလျားလမ်း စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင်လူသတ်မှု အပါအဝင် နှစ်ပေါင်း၂၀ ခန့် အကြာက တရားမမှုကြီး ၁၅ မှုကို ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီက လေ့လာစုံစမ်းပြီး လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းမည်ဟု ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက မဇ္စျိမကို ပြောသည်။

အဆိုပါ ကော်မတီထံသို့ လူအများအထူးစိတ်ဝင်စားလျှက်ရှိသော စိမ်းလဲ့ကန်သာ အင်းလျားလမ်း ငါးလောင်းပြိုင်လူသတ်မှုအပါအဝင် ရန်ကုန်နှင့် မန္တလေးရှိ တရားမမှုကြီး ၁၅ မှုကို ဒီဇင်ဘာလအတွင်း ကွင်းဆင်းစုံစမ်းသွားမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

"ငါးလောင်ပြိုင်မှုကတော့ တရားမမှုထဲ ပါတယ်။ ရာဇဝတ်မှုဆိုတော့ ပြစ်မှုထဲလည်းပါတယ်။ ဒီအမှန်တရားက ပေါ်လာမှာပါ။ ဒီလောက်ကြီး တဲ့ အမှုက တစ်သက်လုံးတော့ ဖော်ထုတ်လိုမရဘူးဆို တာတော့ မဖြစ်နိုင်ပါဘူး။အချိန်တန်ရင် ပေါ်လာမှာပါ’’ ဟု သူရဦးအောင်ကို က ပြောသည်။

နှစ်ပေါင်း ၂၀ ခန့် ကြာမြင့်ပြီဖြစ်သည့် မြေနှင့် အဆောက်အဦး ရောင်းဝယ်မှုဆိုင်ရာ တရားမမှုကိုလည်း ကော်မတီအနေဖြင့် ကွင်းဆင်းပြီး လေ့လာစုံစမ်းပြီး ပြည်သူ့လွှတ်တော်သို့ အစီရင်ခံစာ တင်ပြထားပြီဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

လူအများ စိတ်ဝင်စားပြီး အမှုမှန် မပေါ်ပေါက်သေးဘဲ နှစ်ပေါင်းကြာရှည်နေသော တရားရုံးများရှိ တရားမမှုများတွင် တရားလို၊ တရားပြိုင်များ၏ အားပြိုင်မှုများကြောင့် တရားမမှုများ အမှုမှန် ပေါ်ပေါက်ရန် အတွက် ကြန့်ကြာနေရသည်ဟု ရန်ကုန် အနောက်ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှုး ဒု-ရဲမှူးကြီး ဦးဝင်းကြည်က ပြောသည်။

“လူသတ်မှုကို မှုခင်းရဲတပ်ဖွဲ့တွေအနေနဲ့လည်း ဆက်လက်စုံစမ်းနေဆဲပါ။ တရားခံတွေလည်း တွေ့ပြီဆိုတာနဲ့ တရားရုံးကို ဆွဲချက်တင်ပြီး အမှုမှန်ပေါ်ပေါက်အောင် လုပ်ဆောင် ကြမှာပါ။ အဖြစ်မှန်ပေါ်ပေါက်ဖို့ အတွက်တော့ ဆက်လက် စုံစမ်းနေဖို့တော့ လိုမယ်" ဟု ပြောသည်။

မြန်မာနိုင်ငံအတွင်း တရားဥပဒေ စိုးမိုးရေးရှိရန်အတွက် တရားရေးမဏ္ဍိုင်ဖြောင့်မတ်မှန်ကန် ရန် ဥပဒေပြုမဏ္ဍိုင်ဖြစ်သော လွှတ်တော်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်သော အစိုးရတို့က လွှမ်းမိုးမှုမရှိရန် လိုအပ်သည်ဟုလည်း  သူရဦးအောင်က ထောက်ပြပြောဆိုသည်။

"အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ တရားရေးမဏ္ဍိုင်ဟာ လွန်စွာမှ အားနည်းချက်တွေ ရှိနေသေးတယ်" ဟု ဆိုသည်။

လွှတ်တော်သက်တမ်း သုံးနှစ်ကျော်ကာလအတွင်း တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီသို့ ယနေ့အချိန်အထိ ပြည်သူများထံမှ တိုင်ကြားစာ စုစုပေါင်း ၁၅၀၀၀ ကျော်ခန့် လက်ခံရရှိခဲ့ပြီး အမှု ပေါင်း ၅၀၀၀ ကျော် လေ့လာစုံစမ်းပြီးဖြစ်ကြောင်း ကော်မတီ ဥက္ကဋ္ဌက ပြောသည်။