တရားမဝင် နေထိုင်သည့် နိုင်ငံခြားသားများကို တစ်နှစ် နှစ်ကြိမ် စစ်ဆေးအရေးယူမည်

တရားမဝင် နေထိုင်သည့် နိုင်ငံခြားသားများကို တစ်နှစ် နှစ်ကြိမ် စစ်ဆေးအရေးယူမည်
by -
မဇ္စျိမ

 မြန်မာနိုင်ငံအနှံ့တွင် တရားမဝင်နေထိုင်လျက်ရှိသည့် နိုင်ငံခြားသားများကို တစ်နှစ်လျှင် နှစ်ကြိမ်နှုန်းဖြင့် စစ်ဆေးသွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

“တရားမဝင်နေထိုင်တဲ့သူတွေကို ခြောက်လတစ်ကြိမ်နှုန်း စစ်ဆေးသွားမယ်။ တစ်နှစ် နှစ်ကြိမ်နှုန်းပေါ့။ ခုဝန်ထမ်းတွေကို သင်တန်းတွေ ပေးနေတယ်။ အစည်းအဝေးတွေလည်း လုပ်နေပါပြီ။ နှစ်ကုန်လောက်ကစပြီး လုပ်နိုင်မယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဒီဇင်ဘာ ၃ ရက်က Hotel Max တွင် မဇ္စျိမကို ပြောသည်။

တရားမဝင်နေထိုင်သူများကို ၁၉၈၂ နိုင်ငံသားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည် ဖြစ်ပြီး ယင်းသို့ အရေးယူမှုကိုစီမံကိန်းတစ်ရပ်အနေဖြင့် နှစ်စဉ်လုပ်ဆောင်သွားမည်ဟုဆိုသည်။ ယခင်နှစ်များကလည်း တရားမဝင်နေထိုင်သူများကို စစ်ဆေးပြီးပြည်နှင်ခဲ့သော်လည်း အရေအတွက်ကိုမူ ထုတ်ပြန်မပေးနိုင်သေးဟု ဆိုသည်။

တရားမဝင်နေထိုင်သော နိုင်ငံခြားသားများအား မည်သို့ရှာဖွေစစ်ဆေးမည်ကို လက်တလောတွင် ထုတ်ပြန်နိုင်ခြင်းမရှိသေးဘူးဟု ဝန်ကြီး ဦးခင်ရီက ဆိုသည်။

မြို့နယ်အဆင့်များအထိ အထွေထွေအုပ်ချူပ်ရေး ဦးစီးဌာန အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနများဖြင့် ယခင် ဖွဲ့စည်းထားမှုများ ရှိသော်လည်း ထပ်မံတိုးချဲ့ ဖွဲ့စည်းသွားမည်ဟု လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှုချူပ်က ပြောသည်။

“လက်တလောထုတ်ပြန်လို့မရတာတွေရှိတယ်။ ဒီစီမံကိန်းက ခုလည်းလုပ်မယ်။ နောင်ကိုလည်းလုပ်မယ် စီမံချက်ဖြစ်တယ်။ ၂၀၁၅ နှစ်စလောက်မှာ စလုပ်မယ်” ဟု ညွှန်ကြားရေးမှုချူပ် ဦးမောင်မောင်က ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင် နိုင်ငံခြားသား မည်မျှနေထိုင်လျှက်ရှိသည်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်း အား ဝန်ကြီးဌာနအနေဖြင့် ထုတ်ပြန်နိုင်ခြင်းမရှိသေးပေ။ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမှုများ အရ မြန်မာနိုင်ငံတွင် နိုင်ငံခြားသားမည်မျှ နေထိုင်လျှက်ရှိသည်ကို ၂၀၁၅ ခုနှစ်မေလတွင် တရားဝင်ထုတ်ပြန်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု သန်းခေါင်စာရင်းဌာနမှ ညွှန်ကြားရေးမှုးချူပ် ဦးမြင့်ကြိုင်က ပြောသည်။