ကျောင်းပြင်ပရောက် လူငယ် ၅,၀၀၀ ခန့်ကို အသက်မွေးပညာ အခမဲ့ သင်ပေးရန် စီစဉ်နေ

ကျောင်းပြင်ပရောက် လူငယ် ၅,၀၀၀ ခန့်ကို အသက်မွေးပညာ အခမဲ့ သင်ပေးရန် စီစဉ်နေ
by -
မဇ္စျိမ

ကျောင်းပညာရေးပြင်ပရောက် လူငယ် ငါးထောင် ၅,၀၀၀ ခန့်ကို ကျွမ်းကျင်မှုအခြေ ပြု ရက်တို အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးရန် အစီအစဉ်ရေးဆွဲနေပြီဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန အကြီးတန်းအရာရှိ တစ်ဦးက မဇ္ဈိမကိုပြောသည်။

ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့ ပူးပေါင်း၍စီစဉ်နေ ခြင်းဖြစ်ပြီး သင်တန်းပေးခြင်းနှင့် အလုပ်အကိုင်ရရှိရေးကို ပုဂ္ဂလိကအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ပြောသည်။

မိဘများ စားဝတ်နေရေး ကျပ်တည်းမှုနှင့် ဆင်းရဲနွမ်းပါးမှုကြောင့် လူငယ်တချို့မှာ ကျောင်းမပြီးဘဲ လုပ်ငန်းခွင် ဝင်နေကြရသည်။ (ဓာတ်ပုံ -ငြိမ်သစ်ညီ၊ မဇ္ဈိမ)

“သင်ရမယ့် ဘာသာရပ်နဲ့ သင်တန်း ကာလကို ထပ်ဆွေးနွေးဦးမှာဖြစ်ပါတယ်။ မည်သူမဆို လာရောက် လျှောက်ထားနိုင် ပါတယ်။ လျှောက်လွှာတင်ရမယ့် ကိစ္စရပ်တွေကို ဆက်လက်ဆွေးနွေးပြီး အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ပေးမယ်” ဟု ပြောသည်။

ဆောက်လုပ်ရေး၊ အီလက်ထရောနစ် နည်းပညာဆိုင်ရာ သင်တန်း၊ မော်တော်ယာဉ်ပြုပြင်မှု သင်တန်း၊ လျှပ်စစ်ဆိုင်ရာ သင်တန်း စသည်တို့ကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ စက်မှုလက်မှုဦးစီးဌာန လက်အောက်ရှိ အသက်မွေးဝမ်းကျောင်းများတွင် သင်ကြားပေးရန် စီစဉ်နေခြင်း ဖြစ်သည်။

သင်တန်းများသို့ ဒသမတန်းသင်ယူ ဖူးသူများလျှောက်ထားနိုင်ပြီး ဦးရေပေါ်မူတည်၍ ဘာသာရပ်အလိုက် လူဦးရေကန့်သတ်မည်ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

ကျောင်းပြင်ပရောက် အလုပ်မရှိ သေးသူ လူငယ်တစ်ဦးဖြစ်သူ ကိုကျော်စွာဦးက အဆိုပါ အစီအစဉ်ကို ကြို ဆိုသည်။ “ကိုယ့်မှာက ဆယ်တန်းလည်းမအောင်ဘာမှလည်း မတတ်ထားတော့ ဘယ်သူကမှ အလုပ်မခန့် ချင်ကြပါဘူး။ ကျောင်းပြင်ရောက်နေတဲ့ လူငယ်တွေကို အခုလို အသက်မွေးဝမ်းကျောင်း ပညာရပ်တွေ သင်ပေးတာ ကောင်းပါတယ်” ဟု ပြောသည်။

ရက်တိုသင်တန်းလျှောက်လွှာများကို ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာ နည်းပညာဝန်ကြီးဌာန တို့အောက်ရှိ စက်မှုလက်မှု သင်တန်းကျောင်းများတွင်လျှောက်ထားနိုင်ရန် စီစဉ်ထားသည်။

လျှောက်ထားသူများသည် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိသူများ စိတ်အားထက်သန်စွာသင်ယူလိုသူ များ လျှောက်ထားနိုင်ပြီး အခမဲ့သင်ကြားပေးမည်ဖြစ်သည်။

ထိုသို့သင်ကြားပေးခြင်းဖြင့် လုပ်ငန်းခွင်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ခြင်း၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာဖြင့် ကိုယ်ပိုင်ဝင်ငွေ ရှာနိုင်ခြင်း စသည့်အကျိုးများရရှိရန် မျှော်မှန်းထားသည်ဟု အဆိုပါ တာဝန်ရှိသူကဆိုသည်။

ပညာရေးဝန်ကြီးဌာန၏ စာရင်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် အခြေခံပညာမူလတန်း တက်ရောက်သူ နှစ်စဉ်ငါးသိန်း ကျော်ရှိသော်လည်း ယင်းတို့အနက် ထက်ဝက်ခန့်မှာ အလယ်တန်းပညာ ဆက်မသင်နိုင်ဘဲ အထက်တန်းအဆင့်တွင်မူ ယင်းထက်ပင် လျော့နည်းသည် ဟု တွေ့ရသည်။