ရခိုင်တစ်ပြည်နယ်လုံးတွင် ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေဖြင့် စိစစ်အရေးယူ ဆောင်ရွက်ခြင်း လုပ်ငန်းများကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလထဲတွင် ပြုလုပ်နိုင်ရန်အတွက် လုပ်ဆောင်နေပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ က မဇ္ဈိမကို ပြောသည်။
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက “ကျွန်တော်တို့ ပိုင်းလော့ (စမ်းသပ်) နယ်မြေအဖြစ် မြေပုံမြို့နယ်ကို စလုပ်တယ်။ ကျန်တဲ့နယ်မြေတွေကို လုပ်ဖို့ လေ့ကျင့်ရေးတွေ လုပ်နေတယ်။ ရခိုင်ပြည်နယ်တစ်ခုလုံးကို ဇန်နဝါရီ ပထမပတ်ထဲမှာ ၁၉၈၂ ဥပဒေကို အကောင်အထည် စဖော်မယ်”ဟု မဇ္ဈိမကို ပြောသည်။
၂၀၁၄ ခုနှစ်၊ ဇွန်လ အတွင်းက ရခိုင်ပြည်နယ်တွင် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေဖြင့် မြေပုံမြို့နယ် ၌ ဆောင်ရွက်ခဲ့ရာ တွင် နိုင်ငံသားဖြစ်ခွင့် လျှောက်လွှာတင်သွင်းသူ တစ်ထောင်ကျော် ရှိခဲ့သည်ဟု ဆိုသည်။ ထိုလျှောက်လွှာ တစ်ထောင်ကျော်အတွင်း မှ နှစ်ရာကျော်ကို နိုင်ငံသားဖြစ်ခွင့် ပြုထားနိုင်ခဲ့သည်။
လက်ရှိအကောင်အထည်ဖော်မည့် စီမံကိန်းအတွက် လုံခြံုရေးများကိုလည်း ကြိုတင်ပြင်ဆင်ထားပြီး စစ်ဆေးခြင်းလုပ်ငန်းများကို အချိန်ငါးလဝန်းကျင်အထိ အချိန်ယူစစ်ဆေးမှုများ ပြုလုပ်သွားရမည် ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။
“တစ်ခါတည်းတော့မပြီးဘူး။ အဆင့်ဆင့့်လုပ်ရတာ ဖြစ်တဲ့အတွက် အချိန်ကတော့ကြာမယ်။ ပြည်နယ်အဆင့် လုပ်ရမှာလည်း ဖြစ် တယ်။ နောက်ဗဟို အဆင့်လုပ်ရမယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။
လက်ရှိရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုးများက သန်းခေါင်စာရင်း ကောက်ခံမှုများတွင် ပူးပေါင်းဆောင်ရွက် မှုများမရှိသည့်အတွက် လတ်တလောတွင် ရပ်နားထားရသည်ဟုဆိုသည်။ ဥပဒေအရ စည်းရုံးခြင်းလုပ်ငန်း များကို ဆောင်ရွက်ရန် အချိန်ရှစ်ပတ်သာ ခွင့်ပြုထားသည်ဟု ဆိုသည်။
“အဲဒီ ရှစ်ပတ်ထဲမှာ စည်းရုံးမယ်။ အောက်ခြေရော အထက်ရော စည်းရုံးတာပေါ့။ ကျွန်တော်တို့ အကြမ်း ခန့်မှန်းတွက်ချက်မှုကတော့ ရှိတာပေါ့။ ကိန်း ဂဏန်းတွေလည်းရှိတယ်။ မပူးပေါင်းလို့ ဆောင်ရွက်ရတာ” ဟု ဝန်ကြီး ဦးခင်ရီက ပြောသည်။