ချင်းပြည်နယ် ရိဒ်ရေကန်ကို ပြန်လည် ပြုပြင်ထိန်းသိမ်း နိုင်ရန်အတွက် ပြည်နယ်အစိုးရက သီးသန့် ဘဏ္ဍာငွေ ချမှတ်၍ ထိန်းသိမ်းရန် လိုအပ်နေပြီဟု ချင်းနိုင်ငံရေး ပါတီများနှင့် အရပ်ဖက်လူမှု အဖွဲ့အစည်းများက ပြောသည်။
နာမည်ကျော် ရိဒ်ရေကန်သည် ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းမြို့နယ်အတွင်း အမြင့်ပေ ၅၇၀၀ ခန့်တွင် တည်ရှိနေကာ ကန်အတွင်း ရေမှော်များ တိုးပွားလာနေခြင်း၊ ရေချိုး အဝတ်လျော်မှုများ ပြု လုပ်နေခြင်းနှင့် ရေကန်ပတ်ဝန်းကျင်တွင် အမှိုက်များ စွန့်ပစ်နေခြင်းကြောင့် ရေထုညစ်ညမ်း မှုများ ဖြစ်ပေါ်နေသော်လည်း ပြုပြင်ထိန်းသိမ်းပေးမည့် အစိုးရအဖွဲ့အစည်းများနှင့် အရပ်ဖက် လူမှုအဖွဲ့ အစည်းများလည်း မရှိပေ။
အရပ်ဖက်အဖွဲ့များနှင့် နိုင်ငံရေးပါတီများက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်လိုသော်လည်း အစိုးရက ဘန်ဂလိုများ ဆောက်ကာ ဟိုတယ် ဖွင့်လှစ်ရန် ငှားရမ်းထားသည့် ဟိုတယ်နှင့် ညှိနှိုင်းအဆင်မပြေခြင်းကြောင့် ယနေ့အထိ ထိန်းသိမ်းရေး မလုပ်ဆောင်နိုင်ကြောင်း ရိဒ်ခေါ်ဒါရ်မြို့နယ်ခွဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဇဒေါလာက ပြောသည်။
ဇဒေါလာက "ဟိုတယ်ပိုင်ရှင်က ဒီနေရာကို အစိုးရဆီက တစ်လ ၄ သိန်းနဲ့ အခွန်ဆောင်ပြီး ဌားထားတော့ ကျွန်တော်တို့တွေ သွားပြီး ရေကန် သန့်ရှင်းရေး လုပ်ဖို့ကို ခွင့်မပြုဘူး။ အစိုးရကလည်း ထိန်းသိမ်းတာမျိုး တခါမှမလုပ်ပေးတော့ ကန်က တဖြည်းဖြည်းနဲ့ ပျက်စီးစပြုနေပြီ။ ဒါကြောင့် အစိုးရက လုပ်ကိုလုပ်ပေးရမယ့် အနေအထားပါ" ဟု ပြောသည်။
ရိဒ်ရေကန်နှင့် ဘန်ဂလို လုပ်ပိုင်ခွင့်ကို နိုင်ငံတော် သမ္မတက ချင်းပြည်နယ် အစိုးရအဖွဲ့ထံ လွှဲအပ်ထား ပြီးဖြစ်ကြောင်းကို ၂၀၁၃ ခုနှစ်က နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီးက လူထုအစည်းဝေးတွင် ဒေသခံများ အား အသိပေးခဲ့သော်လည်း အဆိုပါအခွန်ငွေများကို မည်သူက ရရှိကြောင်း မသိရသလို အခွန်ငွေဖြင့် ရေကန်ထိန်းသိမ်းရေး ပြုလုပ်ခြင်းမျိုးလည်း မရှိဟု ရိဒ်ခေါ်ဒါရ် လူငယ်အဖွဲ့နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီတို့က ဝေဖန်ကြသည်။
ရိဒ်ရေကန် တည်ရှိရာ ရိဒ်ခေါ်ဒါရ်မြို့သည် အိန္ဒိယ နယ်စပ်မီဇိုရမ်ပြည်နယ်နှင့် ထိစပ်ရာ နယ်စပ်ဂိတ် ပေါက်ရှိပြီး ကုန်သွယ်ရေး စခန်းပါရှိနေခြင်းကြောင့် အိန္ဒိယနိုင်ငံမှ လာရောက် လည်ပတ်သူ များပြားပြီး ယခုနှစ်အတွင်း ပြည်ပနိုင်ငံမှ လာရောက်သည့် နိုင်ငံခြားသား ဝင်ရောက်မှု များနေသည်။
ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများထံ ရိဒ်ရေကန် ထိန်းသိမ်းမှု အခြေအနေနှင့် ပတ်သက်၍ မဇ္စျိမက မေးမြန်ရန် ဆက်သွယ်ခဲ့သော်လည်း ဖုန်းမရရှိခဲ့ပေ။
ချင်းဝိဒေသနတိုင်း အက်ဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ အတွင်းရေးမှူး ချန်ပွန်က ပြည်နယ်အစိုးရ အနေဖြင့် ရိဒ်ရေကန် ထိန်းသိမ်းရေးအတွက် ဘတ်ဂျက်ထားပေးထားခြင်း မရှိသေးကြောင်း ဆိုသည်။
၂၀၁၄ခုနှစ် ဇန်နဝါရီလအတွင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ် ခရီးစဉ်အတွင်း ရိဒ်ရေကန်အကြောင်းနှင့် ရေကန်အား ထိန်းသိမ်းရန် ခက်ခဲနေသည့် အခြေအနေကို ချင်းပြည်နယ် NLD ပါတီနှင့် ဒေသခံများက တင်ပြရာ ရေကန် ထိန်းသိမ်းရေးကို တာဝန်ယူမည်ဟု ၎င်းက ကတိပေးခဲ့သည်ဟု ဆိုသည်။
ထို့နောက် အောက်တိုဘာလအတွင်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ ရိဒ်ခေါ်ဒါးရ်မြို့သို့ လာရောက်ကာ ရိဒ်ရေကန်သို့ သွား၍ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကို ကြည့်ရှုသွားခဲ့သေးသည်။