နိုင်ငံလုံးဆိုင်ရာ NLD ဗဟိုကော်မတီ ညီလာခံအပြီး စည်းရုံးရေးလုပ်ငန်း အရှိန်မြှင့်မည်

နိုင်ငံလုံးဆိုင်ရာ NLD ဗဟိုကော်မတီ ညီလာခံအပြီး စည်းရုံးရေးလုပ်ငန်း အရှိန်မြှင့်မည်
by -
မဇ္စျိမ

ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် ဒီဇင်ဘာလ ဒုတိယပတ်တွင် ပြုလုပ်မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ဗဟိုကော်မတီ ညီလာခံပြီးသည်နှင့် ပါတီစည်းရုံးရေး လုပ်ငန်းများ တစ်ပြိုင်နက်အရှိန်မြှင့်မည်ဟု ဗဟိုအလုပ်အမှုဆောင် ဒေါ် နန်းခင်ထွေးမြင့်က ပြောသည်။

"၂၀၁၅ အတွက် အမြဲတမ်း ပြင်ဆင်မှုတွေ ရှိတယ်။ ဗိုလ်ချုပ်ရာ ပြည့်မှာလည်း ပါတီစည်းရုံးရေးကို တိုးမယ်။ အဲဒီအပြင် ညီလာခံပြီးရင်လည်း တစ်ပြိုင်နက် စည်းရုံးရေးကို တိုးမြှင့်လုပ်မှာ" ဟု ၎င်းက ပြောသည်။ ညီလာခံကို ဒီဇင်ဘာ ၁၃၊ ၁၄ ရက်တွင် ကျင်းပရန် စီစဉ် ထားခြင်း ဖြစ်သည်။

NLD--Party-1

ညီလာခံတွင် ပညာရေး၊ ကျန်းမာရေးလိုအပ်ချက်များကို ဦးစားပေးဖြည့်ဆည်းနိုင်ရန် တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာ ပါတီရုံးတို့ ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ နိုင်ငံအနှံ့ဖြစ်ပေါ်နေသည့် နိုင်ငံရေးဖြစ် စဉ်များကို လေ့လာသုံးသပ်ရန် စသည်တို့ကို ဆွေးနွေးမည် ဟု ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။

နိုင်ငံလုံးဆိုင်ရာ ဗဟိုကော်မတီ ညီလာခံကို ၆လတစ်ကြိမ်ကျင်းပခြင်းဖြစ်ပြီး ယခုတစ်ကြိမ် သည် လေးကြိမ်မြောက်အဖြစ် မှတ်တမ်း ဝင်မည် ဖြစ်သည်။

လာမည့် ရွေးကောက်ပွဲတွင် အဓိက ပြိုင်ဖက်ဖြစ်လာနိုင်သည့် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြီးခဲ့သော ရွေးကောက်ပွဲ၌ ပေးခဲ့သော ကတိများ ဖြည့်ဆည်းသည့် နည်းလမ်းဖြင့် ပါတီစည်းရုံးရေး လုပ်ငန်များ အရှိန်မြှင့်ရန် စီစဉ်နေချိန်လည်း ဖြစ်သည်။

အင်န်အယ်လ်ဒီသည် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံအနှံ့ဝင်ပြိုင်ရန် မျှော်မှန်းထားပြီး အစိုးရဖွဲ့နိုင်သည်အထိ အနိုင်ရရန် မျှော်မှန်းထားကြောင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောထားသည်။

အဆိုပါ ပါတီသည် မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံ ကာလအပြီး ကျင်းပ၍ စစ်အစိုးရက အာဏာလွှဲပြောင်းပေးခြင်းမရှိသော ၁၉၉၀ ရွေးကောက်ပွဲ၏ အနိုင်ရပါတီလည်းဖြစ်သည်။ ထို့နောက် လက်ရှိဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်အတွင်း ၂၀၁၀ ခုနှစ်က ကျင်းပသည့် ရွေးကောက်ပွဲကိုမူ ပါဝင်ယှဉ်ပြိုင်နိုင်ခြင်းမရှိပေ။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် ကျင်းပသည့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြန်လည်ယှဉ်ပြိုင်ခဲ့ပြီး ၄၅ နေရာရှိသည့် အနက် ၄၃ နေရာ အနိုင်ရအောင် စွမ်းဆောင်ထားနိုင်သည်။