အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC က ၂၀၁၄ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလကုန်ထိ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဌာနတွင် လူပေါင်း ၁,၃၇၅ ဦးကို ခြေတုလက်တု တပ်ဆင်ပေးနိုင်ခဲ့ပြီး ၎င်းတို့ထဲမှ ၅၃ ရာခိုင်နှုန်းသည် မြေမြှုပ်မိုင်းဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရခြင်း ဖြစ်သည်ဟု ၂၀၁၄ ခုနှစ် အိုင်စီအာရ်စီ၏ ဒုတိယနှစ်ဝက် အစီရင်ခံစာအရ သိရသည်။
အိုင်စီအာရ်စီသည် ၂၀၁၄ ခုနှစ်တွင် နယ်လှည့်ခြေတုလက်တု တပ်ဆင်ရေးလုပ်ငန်းများကို စတင်လုပ် ဆောင် လာခဲ့ပြီး မသန်စွမ်းသူ ၅၃၄ ဦးအား ယင်းတို့၏ နေထိုင်ရာဒေသများတွင် ကျန်းမာရေးစောင့်ရှောက် မှုပေးခဲ့သည်ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
“တိုက်ပွဲတွေ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အခြေအနေတွေ ရှုပ်ထွေးတာတွေရှိတယ်။ WHO ရဲ့ သုံးသပ်မှုတွေအရ မြန်မာနိုင်ငံမှာ ကိုယ်အင်္ဂါ မသန်စွမ်းသူဦးရေ တော်တော်များများမှာ ခြေတုရရှိခြင်း မရှိသေးပါဘူး” ဟု အိုင်စီအာရ်စီ ရန်ကုန်ရုံးခွဲအကြီးတန်း ပြန်ကြား ဆက်သွယ်ရေး အရာရှိ ဦးမိုးမြင့်အောင် ကပြောသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပျမ်းမျှအားဖြင့် လူဦးရေ ၀ ဒသမ၅ ရာခိုင်နှုန်း (လူ၂၀၀) တွင် တစ်ဦးသည်ခန္ဒာ ကိုယ်မသန်စွမ်းကြောင်း ခန့်မှန်းထားရာ မြန်မာနိုင်ငံရှိ လူဦးရေသန်းပေါင်း ခြောက်ဆယ်တွင် လူဦးရေ သုံးသိန်းသည် ကိုယ်ကာယပြန်လည် သန်စွမ်းရေး အကူအညီကို လိုအပ်နေသည့် သဘောပင်ဖြစ်သည်ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
အိုင်စီအာရ်စီက ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဌာနများကို ကရင်ပြည်နယ်၊ ဘားအံခြေတုတပ် ဆင် ရေးဌာနနှင့် မန္တလေးတိုင်း ရှိ ရေန့ံသာ ဆေးရုံတို့တွင် ဖွင့်လှစ်ထားပြီး ၂၀၁၅ခုနှစ် ဇန်နဝါရီလတွင် ရှမ်းပြည် နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်နှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကိုယ်ကာယ ပြန်လည် သန်စွမ်းရေး ဌာနကို တည်ဆောက်မည်ဖြစ်သည်။