'ဝ' ဒေသ ဖွံ့ဖြိုးရေးလိုအပ်ချက် လာမည့်နှစ်တွင် တင်ပြရန် အစိုးရဖိတ်ခေါ်

'ဝ' ဒေသ ဖွံ့ဖြိုးရေးလိုအပ်ချက် လာမည့်နှစ်တွင် တင်ပြရန် အစိုးရဖိတ်ခေါ်
by -
မဇ္စျိမ

'ဝ' ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) ခေါင်းဆောင်များနှင့် နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးလှထွန်း ဦးဆောင်သော ကိုယ်စားလှယ်များ အပါအဝင် ၉ ဦးတို့သည် 'ဝ' ဌာနချုပ် ပန်ဆန်းတွင် နိုဝင်ဘာလ ၂၈ ရက်က ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ သည်ဟု UWSP ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောသည်။

 “သူတို့က ဒေသရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လာလေ့လာတာပေါ့။ လာလေ့လာပြီး သူတို့ နှစ်စဉ်နိုင်ငံတော် ကနေပြီးတော့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ စီမံကိန်းတွေ ရှိတယ်။ ဒီစီမံကိန်းနဲ့တွဲပြီးတော့ လိုတဲ့ကူညီမှုတွေ လုပ်ပေးမယ်ပေါ့” ဟု ဦး အောင်မြင့်က မဇ္ဈိမကို ပြောသည်။

UWSP မှ ဒု-ဥက္ကဋ္ဌ ဦးရှောင်မီးလျံက ဒေသဖွံဖြိုးရေးအတွက် လမ်းတိုးချဲ့ဆောက်လုပ်ရေး၊ ကားလမ်းကတ္တရာ ခင်းရေး၊ ရေအားလျှပ်စစ် စီမံကိန်းများနှင့် မြို့ပြ၊ ကျေးရွာများတွင် သောက်သုံးရေနှင် လယ်ယာစိုက်ပျိုး ရန် ရေရှိရေး၊ မြို့သစ် ဆောက်လုပ်ရေးနှင့် မြို့ဟောင်း လမး်ပန်းပြင်ဆင်မှုများ စသည့် လိုအပ်ချက်များကို အစိုးရ ကိုယ်စားလှယ်များအား တင်ပြ ဆွေးနွေးခဲ့သည်ဟု သူက ပြောသည်။

အဆိုပါ စီမံကိန်း အသေးစိတ်ကို လာမည့် ၂၀၁၅ ခုနှစ်တွင် UWSPမှ ရှမ်းပြည်နယ် အစိုးရ၊ တနလ ဝန်ကြီးဌာန၊ သမ္မတရုံးမှ ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးများသို့ တင်ပြရန် အစိုးရ ကိုယ်စားလှယ်များ က ပြောဆိုခဲ့သည်ဟုလည်း သူက ဆိုသည်။

“ပန်ဆန်းရဲ့ ဖွံ့ဖြိုးမှုအခြေအနေနဲ့ ပန်ဆန်းရဲ့ စီမံကိန်းတွေ သူတို့လည်း နည်းနည်းတော့ အံ့အားသင့်တယ် ထင်တယ်။ ဒီလို ၅ နှစ် စီမံကိန်းဆောင်ရွက်နေတာတွေကို နှစ်စဉ် နှစ်အလိုက်တင်ပြပေးဖို့ သူတို့လည်း စဉ်းစားပေးမယ်ပေါ့ဗျာ။ အစိုးရက နိုင်ငံတော် တခုလုံးရဲ့ စီမံကိန်းတွေကို ဆောင်ရွက်နေတာဖြစ်တယ်။ ဒီတော့ ပြည်နယ်၊ တိုင်းတွေရဲ့ စီမံကိန်းကိုလည်း အချိုးကျ ကူညီဖို့ ရှိတယ်။ ဒါကြောင့် ဒီစီမံကိန်းတွေကို တိုင်းတို့ အစိုးရတို့ကို တင်ပြဖို့ အစိုးရရဲ့ စီမံကိန်းမှာ ခွဲဝေသုံးစွဲဖို့ ကူညီပေးမယ်ဆိုတာ ပြောပါတယ်” ဟု သူက ပြောသည်။

သို့သော် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် အစိုးရက ငြိမ်းချမ်းစွာဖြေရှင်းရန် လိုအပ်ကြောင်း UWSPမှ ဆွေးနွေး ခဲ့သော်လည်း အစိုးရ ကိုယ်စားလှယ်များ ဘက်မှ ၄င်းတို့လာရောက်ခြင်းမှာ ဖွံ့ဖြိုးရေးလုပ်ငန်းကို တာဝန်ယူနေခြင်း ဖြစ်၍ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ ဦးအောင်မင်းဦးဆောင်သည့် UPWC ၏ တာဝန်သာဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

ယခုခရီးစဉ်တွင် သမ္မတရုံးဝန်ကြီး ဦးလှထွန်း၊ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် စဝ်အောင်မြတ်၊ လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးအောင်တိုး၊ ကျန်းမာရေး ဒုဝန်ကြီး ဒေါ်သိန်းသိန်းတို့ အပါအဝင် ကိုယ်စားလှယ် ၉ ဦးတို့ သွားရောက် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကိုယ်စားလှယ်များသည် ညနေ ၄ နာရီချိန်တွင် ပြန်လည် ထွက်ခွာခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်ကလည်း ရှမ်းပြည်နယ် မိုင်းလားမြို့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဌ ဦးသိန်းဇော် ဦးဆောင်သော ကိုယ်စားလှယ်များနှင့် UWSP တို့ “ပြည်လုံးကျွတ် ငြိမ်းချမ်းရေးနှင့် ဒေသဖွွံ့ဖြိုးရေးလုပ်ငန်း များ” ခေါင်းစဉ်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

ထိုတွေ့ဆုံမှုတွင်လည်း UWSP က ဒေသဖွံ့ဖြိုးရေးအတွက် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် လျှပ်စစ်စီမံကိန်း၊ ရှမ်းပြည်နယ် သီပေါမြို့နယ် အတွင်း တည်ဆောက်မည့် ရေအားလျှပ်စစ် စက်ရုံတည်ဆောက်ရေးနှင့် မိုင်းလားတွင် တည်ဆောက်ဆဲဖြစ်သော ရေအားလျှပ်စစ်စက်ရုံကို အချိန်မီ ပြီးမြောက်တည်ဆောက်ရန်နှင့် လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေမှုများကို ဆွေးနွေးခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထဲမှ စစ်သည်အင်အား အကြီးဆုံးဖြစ်သော UWSP သည် ၂၀၁၁ ခုနှစ် စက်တင်ဘာလက အစိုးရနှင့် ပြည်ထောင်စု အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးခဲ့သည်။

နိုဝင်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင် ၄င်းအစိုးရ ကိုယ်စားလှယ်များသည် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) ခေါ် မိုင်းလား (NDAA) အဖွဲ့တို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

Most read this week