ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲသို့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားပြု တစ်ဦးဖြစ် ရခိုင်အမျိုးသားပါတီ ဥက္ကဌ အမျိုးသား လွှတ်တော်အမတ် ဒေါက်တာအေးမောင်ကို နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ပိုင်းက လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်လိုက်သည်။
ဒေါက်တာအေးမောင်က “တိုင်းရင်းသား ကိုယ်ပိုင်ပြဌာန်းခွင့်ရယ်၊ အများနဲ ့ဆိုင်တဲ့ အရေးကြီးတဲ့ ၄၃၆ လို ပုဒ်မတွေကို ပြင်ဆင်နိုင်ရေးရယ်၊ တစ်နိုင်ငံလုံး သဟဇာတဖြစ်ရေးရယ် အဲဒီသုံးချက်ကို အဓိကထား ဆွေးနွေးမှာပါ” ဟု မဇ္စျိမကို ပြောသည်။
ယမန်နေ့ ညကလည်း ရွေးချယ်နိုင်ရေးအစည်းအဝေးပြုလုပ်ခဲ့သော်လည်း ဆုံးဖြတ်နိုင်ခြင်းမရှိခဲ့ပေ။ “လျှို့ဝှက်မဲစနစ်နဲဲ့ ရွေးချယ်ပေးသွားမယ်” ဟု ချင်းတိုးတက်ရေးပါတီ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လိန်းက နိုဝင်ဘာ ၂၆ ရက် ညပိုင်းက ပြောခဲ့သည်။ သို့သော် ၎င်းက မည်သည့်အတွက်ကြောင့် သဘောတူညီမှု မရခဲ့သည်ကိုမူ မပြောကြားခဲ့ပေ။
ပြီးခဲ့သည့် နို၀င်ဘာ ၂၅ ရက်က ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက ဖွဲ့စည်းပုံပြင်ရေးအတွက် သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့် လွှတ်တော်တွင်းရှိ တိုင်းရင်းသားကိုယ်စားလှယ် တစ်ဦးပါ၀င်မည့်ခြောက်ပွင့် ဆိုင် တွေ့ဆုံပွဲအတွက် တိုင်းရင်းသားကိုယ်စားလှယ် တစ်ဦးရွေးချယ်နေခြင်း ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်အတွင်းရှိ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ရ၀ ကျော်ကို ကိုယ်စားပြုသည့် ပါတီ ၁၉ ပါတီမှ ကိုယ်စားလှယ် ၁၉ ဦး ကို ယနေ့နံနက်က ခေါ်ယူတွေ့ဆုံခဲ့ပြီး နိုဝင်ဘာ ၂၇ ရက်တွင် နာမည်စာရင်း တင်သွင်းရန် ညွှန်ကြားခဲ့သည် ဟု တိုင်းရင်းသား ကိုယ်စားလှယ်များက ဆိုသည်။