အပစ်ရပ်ရေး ဆောင်ရွက်ပေးရန် ကာကွယ်ရေး ဦးစီးချုပ်ကို တိုင်းရင်းသား အဖွဲ့များ တောင်းဆို

အပစ်ရပ်ရေး ဆောင်ရွက်ပေးရန် ကာကွယ်ရေး ဦးစီးချုပ်ကို တိုင်းရင်းသား အဖွဲ့များ တောင်းဆို
by -
မဇ္စျိမ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှု အမှန်တကယ်ဖြစ် လာအောင် ဆောင်ရွက်ပေးရန် ကချင်၊ ချင်းနှင့် ရခိုင် တိုင်းရင်းသား အဖွဲအစည်းများက နိုဝင်ဘာလ ၂၅ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

ကချင် ငြိမ်းချမ်းရေးကွန်ယက်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့၊ မျိုးချစ်ရခိုင်လူငယ်များ အင်အားစုနှင့်  ချင်းအမျိုးသား တပ်ဦးတို့က ယင်းကဲ့သို့ တောင်းဆိုခြင်း ဖြစ်သည်။

၎င်း အဖွဲ့အစည်းများက ကေအိုင်အေ စစ်ဌာနချုပ် လိုင်ဇာတွင် ကျဆုံးသွားသော တိုင်းရင်းသား ဗိုလ်လောင်း ၂၃ ဦးကို ရည်စူး၍  ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်ရှိ ဓညဝတီ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သော ရက်လည်ဆွမ်းကျွေး တရားတော်နာ ရေစက်ချ အခမ်းအနားတွင် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

လိုင်ဇာရောက် ဗိုလ်လောင်းများကို ပစ်ခတ်လိုက်ခြင်းအပေါ် ရခိုင်တပ်မတော်အနေဖြင့် တုံပြန်မှုကို မလိုလားဘဲ တစ်ပြည်လုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပေးရန် တောင်းဆိုလိုသည်ဟု ရခိုင်ပြည် လွတ်မြောက်ရေးပါတီမှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်း က ပြောသည်။

၎င်းက "ရခိုင်တပ်မတော်သည် လက်နက်မကိုင်ချင်ဘူး။ ဘယ်သူကိုမှလည်း မသတ်ချင်ဘူး။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် အနေနဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပေးဖို့ တောင်းဆိုလိုပါ တယ်။ "ပြောသည်။

ယင်းအပြင် တိုင်းရင်းသားများက သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့က စစ်မှန်သော ငြိမ်းချမ်းရေးကိုဖော် ဆောင်ပေးရန်၊ ကာကွယ်ရေး ဦးစီးချုပ်က တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပေးရန်တို့ကိုလည်း တောင်းဆိုကြသည်။

ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ဒေါ်ခွန်ဂျာက "လိုင်ဇာအနီးတစ်ဝိုက်မှာ ရှိတဲ့ စစ်တပ်တွေကို ရုတ်သိမ်းပေးဖို့ ကာကွယ်ရေး ဦးစီးချုပ်ကို ပြောလိုပါတယ်" ပြောသည်။

ယင်းအပြင် လိုင်ဇာတွင် ကျဆုံးသွားသော တိုင်းရင်းသား ဗိုလ်လောင်း၂၃ ဦး နေထိုင်ခဲ့သည့် ဒေသအရောက် သွားရောက်ကာ ကျန်ရစ်သူ မိသားစုများနှင့် တွေ့ဆုံ၍ ဂုဏ်ပြုပွဲကျင်းပနိုင်ရန် မျိုးချစ် ရခိုင်လူငယ်များ အင်အားစုနှင့် ရခိုင်ပြည်နယ် လွတ်မြောက်ရေး ပါတီမှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင်များက စီစဉ်သွားမည်ဖြစ်သည်။

နိုဝင်ဘာ ၁၉ ရက်နေ့က လိုင်ဇာအနီး ဗိုလ်သင်တန်းကျောင်းသို့ အစိုးရတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် သင်တန်းသား ၂၃ ဦးတွင် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ၁၁ ဦး၊ ရက္ခိုင့်တပ်မတော် (AA) မှ ၈ ဦး၊ ချင်းအမျိုးသား တပ်ဦး (CNF) မှ ၂ ဦး၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ ၂ ဦးတို့ ပါဝင်သည်။  ယင်းအပြင်  သင်တန်းသား ၂၀ဦး ဒဏ်ရာရရှိခဲ့သည်။

တပ်မတော်ဘက်ကလည်း နိုဝင်ဘာ ၁၆ ရက်က ကချင်ပြည်နယ် မံစီမြို့နယ်၊ ပလောင်ဒိန်ဆာရွာအနီး တပ်မတော်စစ်ကြောင်း ချီတက်စဉ် ကေအိုင်အေ အဖွဲ့မှ တိုက်ခိုက်ခဲ့၍ စစ်သည် ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၁၇ ရက်ကလည်း မဂျီဂွမ်ကျေး ရွာတွင်လည်း ကေအိုင်အေအဖွဲ့၏ လက်နက်ကြီးငယ်ဖြင့် ပစ်ခတ်၍ တစ်ဦး ထိပ်မံ ဒဏ်ရာရခဲ့သည်ဟု နိုဝင်ဘာ ၂၁ရက်တွင် တပ်မတော်က ထုတ်ပြန်ထားသည်။

ယင်းအပြင် ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းသို့ ပစ်ခတ်မှုသည်လည်း ယခင်ဖြစ်ရပ်များအပေါ် တန်ပြန်သတိပေးသည့် အနေဖြင့် ပစ်ခတ်ခြင်းဖြစ် သည်ဟု ဆိုထားသည်။

ကချင်ပြည်နယ်အတွင်း ဖြစ်​ပေါ်​နေသည့် တိုက်ပွဲများအတွက် အစိုးရတပ်နှင့်၊ ကချင်လက်နက်ကိုင်တို့ အပြန်အလှန် စွပ်စွဲမှုများ ထွက်​ပေါ်​နေပြီး ငြိမ်းချမ်း​ရေးအတွက် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုရှိကြရန် အမျိုးသားဒီမိုက​ရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်းစုကြည်က တိုက်တွန်းထားသည်။

အမျိုးသား ဒီမိုက​ရေစီ အဖွဲ့ချုပ်က နိုဝင်ဘာ ၂၃ ရက် ထုတ်ပြန်ချက်တွင်လည်း ငြိမ်းချမ်​း​ရေးကို ထိခိုက်​စေသည့် ဖြစ်ရပ်များ မ​ပေါ်​ပေါက်​ရေး နှစ်ဘက် ထိန်းသိမ်းကြရန် တိုက်တွန်းထားသည်။

Most read this week