မုံရွာ အမျိုးသားပညာရေး ဥပဒေသပိတ် အမှုဖွင့်ခံရ

မုံရွာ အမျိုးသားပညာရေး ဥပဒေသပိတ် အမှုဖွင့်ခံရ
by -
မဇ္စျိမ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက် ဆန္ဒပြသည့် ကျောင်းသား ၈ ဦးကို မုံရွာမြို့နယ် မြို့မရဲစခန်းက အမှုဖွင့် အရေးယူလိုက်ပြီ ဖြစ်သည်။

ငြိမ်းချမ်းစွာစုဝေးခွင့်ဆိုင်ရာ ဥပဒေအရ အကြောင်းကြားခြင်းပင်မရှိ၍ ဆန္ဒပြသပိတ်မှောက်သည့် နိုဝင်ဘာ ၂၅ ရက် ညပိုင်းကပင် အမှုဖွင့်လိုက်သည်ဟု မြို့နယ် ရဲတပ်ဖွဲ့မှူး စိန်မင်းက ပြောသည်။

Student-Strike-Moywar-1

“အသဲချဲ့စက် သုံးစွဲခွင့် လျှောက်ထားတာမျိုးမရှိဘူး၊ နောက်ပြီး ဆန္ဒပြရာမှာ ယာဉ်အသုံးပြုခွင့်မရှိပေမဲ့ သူတို့က သုံးဘီးဆိုင်ကယ်ကို အသုံးပြုခဲ့ပါတယ်” ဟု ၎င်းကပြောသည်။

ဆန္ဒပြကြသည့် ကျောင်းသားများအနက် ကိုဟိန်းဇော်ဝင်း၊ ကိုငပြူး(ခ) လင်းထက်ပိုင်၊ ကိုမှုံကြီး(ခ)ဖြိုးဇော်၊ ကိုရဲရင့်ကျော်၊ ကိုရာဇာ(ခ) ထွန်းလင်းအောင်၊ ဦးကျော်အေး၊ ကိုဝေမိုးနိုင်၊ မသင်းရနံ့ပြည့်စုံဦးတို့ဦးဆောင်၍ အမျိုးသား ၃၅ ဦး၊ အမျိုးသမီး ၁၂ ဦးပါဝင်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

“တရားဝင်တော့ အကြောင်းမကြားသေးဘူး၊ တရားစွဲတယ်လို့တော့ ကြားပါတယ်။ ကျွန်တော်တို့ရဲ့မူအရ ပုဒ်မ ၁၈ ဟာ နိုင်ငံသား အခွင့်အရေးတွေကို ထိပါးတယ်လို့ ရှုမြင်လို့ ဒါကို လက်မခံဘူး။ ဒါ့ကြောင့် ဒီငြိမ်းစုစီ အတိုင်းမလုပ်တာပါ”ဟု တရားစွဲခံရသည့်အထဲတွင် ပါဝင်သူ တက္ကသိုလ်ကျောင်းသား သမဂ္ဂများကွန်ယက်(မုံရွာ)မှ ကိုဝေမိုးနိုင်ကပြောသည်။

စီတန်းလှည့်လည်ရာတွင် မပါဝင်သော်လည်း သပိတ်ဆင်နွှဲရာတွင် ဝန်းရံ ကူညီကြသည့် မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အနည်းဆုံး ၃ဦးခန့်ကိုလည်း တရားစွဲဆိုရာတွင် ထည့်သွင်းထား သည်ဟု ၎င်းကဆိုသည်။ သပိတ်ကို မုံရွာခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့ပူးပေါင်း ဆင်နွဲခြင်းဖြစ်သည်။

ကျောင်းသားအဖွဲ့တို့က အမျိုးသားပညာရေးဥပဒေတွင် ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခွင့် မပါဝင်ခြင်း၊ ဗဟိုချုပ်ကိုင်မှု များလွန်းနေခြင်း၊ ဒီမိုကရေစီစံနှုန်းများနှင့် မညီခြင်း စသည်တို့ကြောင့်ဟုဆိုကာ ပြင်းထန်စွာ ကန့်ကွက်ထားသည်။

ထို့ပြင် ရက်ပေါင်း ၆၀ အတွင်း အစိုးရ၊ လွှတ်တော်၊ ပညာရေးပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ယက် (NNER )တို့နှင့် ဆွေးနွေး ခွင့်ရရန် နိုဝင်ဘာ ၁၈ ရက်က တောင်းဆိုထားသည်။ သပိတ်ကို ရန်ကုန်မြို့တွင်လည်း တစ်နိုင်ငံလုံးရှိ ကျောင်းသားအဖွဲ့များ ပူးပေါင်းကာ နိုဝင်ဘာ ၁၄ ရက်မှ စ၍ လေးရက်တိုင် ဆင်နွဲထားကြသည်။