တပ်မတော်နှင့် ကေအိုင်အေ အပြန်အလှန် အပြစ်ဖို့၊ စာနာကြပါဟု ဒုက္ခသည်များ မေတ္တာရပ်ခံ

တပ်မတော်နှင့် ကေအိုင်အေ အပြန်အလှန် အပြစ်ဖို့၊ စာနာကြပါဟု ဒုက္ခသည်များ မေတ္တာရပ်ခံ
by -
မဇ္စျိမ

နှစ်ဖက်ထိပ်တိုက်တွေ့ဆုံမှုများကို ရှောင်နိုင်ရန် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ၏ အောက်ခြေ တပ်ဖွဲ့များကို ထိန်းသိမ်းပေးရန် တပ်မတော်က အကြောင်းကြားလိုက်ပြီး ကေအိုင်အေကမူ ၎င်းတို့ဖက်မှ စတင်ပစ်ခတ်ခြင်း မရှိဟု ငြင်းဆိုသည်။

တပ်မတော်က နိုဝင်ဘာ ၂၄ရက်စွဲဖြင့် ကချင်ပြည်နယ် အစိုးရမှတဆင့် ကေအိုင်အေ ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေးအဖွဲ့ထံသို့ အကြောင်းကြားစာ ပေးပို့လိုက်ခြင်း ဖြစ်သည်။

ကေအိုင်အေသည် လုံခြံုရေးဆောင်ရွက်နေသော တပ်မတော် စစ်စခန်းများကို နိုဝင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တွင် လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်မှုများ ရှိခဲ့၍ ပြန်လည်ပစ်ခတ်ရသည်ဟု တပ်မတော် ထုတ်ပြန်ချက်က ဆိုသည်။

ကချင်လွတ်မြောက်ရေး တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်ကမူ အဆိုပါ နေ့များတွင် တပ်မတော်က လက်နက်ကြီးမျာဖြင့် စတင် ပစ်ခတ်ခြင်းသာ ဖြစ်ပြီး ကေအိုင်အေက မတုန့်ပြန်ခဲ့ဟု မဇ္စျိမကို နိုဝင်ဘာ ၂၅ ရက်တွင် ပြောသည်။

“တိုက်ပွဲ သုံးကြိမ်ဖြစ်တယ် စစ်တပ်က ကျွန်တော်တို့တပ်နဲ့ ၅ မိုင်လောက်ဝေးတဲ့ တောင်ကုန်းတွေပေါ်ကနေ လက်နက်ကြီးနဲ့ပစ်ခဲ့တာ ကျွန်တော်တို့ ပြန်ပစ်ဖို့တောင် လက်လှမ်းမမှီပါဘူး” ဟု ၎င်းကဆိုသည်။

ကေအိုင်အေဖက်ကလည်း နိုဝင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် တပ်မတော်က လက်နက်ကြီးဖြင့် အနည်းဆုံးခြောက်ကြိမ် စုစုပေါင်း ကိုးကြိမ် ၎င်းတို့ တပ်စခန်းများကို ပစ်ခဲ့သည်ဟု ပြောသည်။

ရက်ပိုင်းအတွင်း နှစ်ဖက်ပစ်ခတ်မှုများရှိလာသဖြင့် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ရှိ အိမ်ခြေ ၃၀ ခန့်ရှိသည့် ဘွမ်ကထောင်ကျေးရွာနှင့် အိမ်ခြေ ၂၀ ခန့်ရှိသည့် မိုင်ကျကျေးရွာဒေသခံများသည် မူလနေရာနှင့် ငါးမိုင်ကျော်ဝေးသော မိုင်ဂျာယန်မြို့အနီးရှိ ဒုက္ခသည် ၃၀၀၀ကျော်ရှိ အင်းခေါင်းပါ စခန်းသို့ ပြောင်းရွေ့ကြရန် ကေအိုင်အိုဒုက္ခသည်များ စောင့်ရှောက်ရေးကော်မတီက နိုဝင်ဘာ ၂၄ ရက်တွင် ညွှန်ကြားထားသည်။

ယခုတစ်ကြိမ် နှစ်ဖက်စွပ်စွဲ ပြောဆိုမှုတို့မှာမူ နိုဝင်ဘာ ၁၉ ရက် ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး တပ်မတော်လက်နက်ကြီးကျည် ကျရောက်မှု ကြောင့် တိုင်းရင်းသားဗိုလ်လောင်း ၂၃ ဦးသေဆုံးမှုအပြီးတွင် ဖြစ်သည်။

စာနာကြပါ

ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်ဇွန်လ ပြန်လည်ဖြစ်ပွားခဲ့သော တစ်ကျော့ပြန် စစ်ပွဲများကြောင့် ဒုက္ခသည် တစ်သိန်းနှစ်သောင်းခန့် ရှိနှင့်ပြီးဖြစ်၍ စစ်ပွဲအရှိန် ထပ်မြင့်လာပါက စစ်ဘေးသင့် ဒုက္ခသည် ပိုများလာမည့်အရေး စိုးရိမ်နေသည်ဟု မြစ်ကြီးနားမြို့နယ်ရှိ ဒုက္ခသည်များက ပြောသည်။

“ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်ရင်၊ ကိုယ့်ရွာတွေကို ပြန်နိုင်တော့မယ် လို့မျှော်လင့်ထားတယ် အခုလို ပြန်ဖြစ်တဲ့ အသံတွေကြားတော့ စစ်ပွဲတွေ ထပ်ဖြစ်မှာကို စိုးရိမ်တယ် ပြန်ဖြစ်လာမယ်ဆိုရင်တော့ အလွယ်လေးနဲ့ ငြိမ်းချမ်းဖို့တော့ မျှော်လင့်စရာမရှိဘူး" ဟု မြစ်ကြီးနားမြို့နယ် ဇီးလွန်၊ ဒုက္ခသည် စခန်းဒုတိယ တာဝန်ခံဦးလမိုင်းက ဆိုသည်။

မြစ်ကြီးနား၊ ဝိုင်းမော်နှင့် ဖားကန့်မြို့နယ်များအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့၍ စစ်ရှောင်ဒုက္ခသည်များ ထပ်မံတိုးပွားလာနေသည်ဟု ၎င်းတို့ကဆိုသည်။

“စစ်ပွဲဖြစ်ရင်ကြားကခံရတဲ့ ဒုက္ခသည်တွေကို စာနာစေချင်တယ်၊ ဖြစ်တာက ခဏလေးပဲ ဒုက္ခရောက်တာက နှစ်နဲ့ချီတယ်၊ စစ်ပွဲဆိုတာ ကြားလည်းမကြားချင်ဘူး အိပ်မက်ဆိုးလိုပဲ” ဟု ကချင်ပြည်နယ် လယ်ကုန်း KBC နှစ်ခြင်းဘုရားကျောင်း ဒုက္ခသည် စခန်းမှ ဒေါ်ဂျာလွန်းက ဆိုသည်။

နိုဝင်ဘာ ၂၄ ရက်ကလည်း မိုးမောက်မြို့နယ်မှ အိမ်ခြေ ၃၀ ခန့်ရှိသည့် ဘွမ်ကထောင်ကျေးရွာနှင့် အိမ်ခြေ ၂၀ ခန့်ရှိသည့် မိုင်ကျကျေးရွာ တို့မှ ကျေးရွာသားများမှာ အဆိုပါရွာမှ ငါးမိုင်ကျော်ဝေးသည့် မိုင်ဂျာယန်အနီး အင်ခေါင်းပါ ဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့ရန် ညွှန်ကြားထားသည်။

ကချင်ပြည်နယ်၊ နယ်စပ်ရေးရာနှင့် လုံခြံုရေးဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်ကမူ လိုင်ဇာ ဖြစ်စဉ်သည် တပ်မတော်၏ မှားယွင်းမှုဖြစ်သော် လည်း ပြေလည်နိုင်သည့် အနေအထား ဖြစ်သည်ဟု မဇ္စျိမကို ပြောသည်။