ကလေး စစ်သားအသုံးမပြုရေးအတွက် PNLO က Geneva Call နှင့် သဘောတူ လက်မှတ်ထိုး

ကလေး စစ်သားအသုံးမပြုရေးအတွက် PNLO က Geneva Call နှင့် သဘောတူ လက်မှတ်ထိုး
by -
မဇ္စျိမ

ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) က လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များကို အကာအကွယ်ပေးရေး အပါအဝင် ကလေးစစ်သား အသုံးမပြုရေးနှင့် ပတ်သက်၍ သဘောတူပဋိဉာဉ်စာချုပ် ကို နိုဝင်ဘာလ ၁၇ ရက်က ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့၌ နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သည့် Geneva Call အဖွဲ့နှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက မဇ္စျိမကို နိုဝင်ဘာ ၂၅ ရက်က ပြောသည်။

ခွန်မြင့်ထွန်းက “အဓိက အားဖြင့်တော့ ဂျီနီဗာကောမှာ ကျွန်တော်တို့ လက်မှတ်ရေးထိုးတဲ့ စာချုပ်က The Deed of commitment – Protecting child in armed conflict ပါ၊ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များကို အကာအကွယ်ပေးရေး စာချုပ်ပါ၊ ကလေးစစ်သား အသုံးမပြုရေးကတော့ ဒီသဘောတူညီချက် စာချုပ်ရဲ့ အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပါတယ်” ဟု မဇ္စျိမကို ပြောသည်။

PNLO

နိုဝင်ဘာလ ၁၈ ရက်မှ ၂၁ ရက် အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ပြုလုပ်ခဲ့သည့် ဂျီနီဗာကော အဖွဲ့နှင့် သဘောတူ လက်မှတ်ရေးထိုး ထားသည့် အဖွဲ့များ တတိယအကြိမ် ညီလာခံအား သွားရောက် တက်ရောက်ခဲ့စဉ် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း ခွန်မြင့်ထွန်းက ဆက်ပြောသည်။

ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) အနေဖြင့် ၂၀၀၉ ခုနှစ်၌ လက်နက်ကိုင်တပ် အဖြစ် ပြန်လည် စုဖွဲ့နိုင်ခဲ့ပြီးနောက် ဤသို့ နိုင်ငံတကာ အဖွဲ့ အစည်း တစ်ရပ်နှင့် ကလေးစစ်သား အသုံးမပြုရေး အပါအဝင် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များကို အကာအကွယ်ပေးရေး သဘောတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်မှာ ပထမဆုံး အကြိမ်လည်း ဖြစ်သည်။

ယင်းအပြင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် အနေနှင့်လည်း ပါတီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၌ ကလေးစစ်သား အသုံးမပြုရေး အတွက် ရေးဆွဲ ပြဌာန်းထားကြောင်း ခွန်မြင့်ထွန်းက ဆက်ပြောသည်။

Geneva Call အဖွဲ့သည် နိုင်ငံတကာ စံညွှန်းများနှင့်အညီ မြေမြုပ်မိုင်း အသုံးမပြုရေး ဆိုင်ရာ သဘောတူညီချက်၊ ကလေးစစ်သား အသုံး မပြုရေးဆိုင်ရာ သဘောတူညီချက်၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ကျား/မ ခွဲခြားရေး သဘောတူညီချက် စသည့် စာချုပ် သုံးရပ်တို့အား ထားရှိထားသည်။

၎င်းအား အစိုးရ မဟုတ်သည့် လက်နက်ကိုင် အဖွဲ့ အစည်းများမှ ၎င်းစာချုပ်သုံးရပ် အပေါ် လက်မှတ်ရေးထိုးနိုင်ရေးနှင့် လိုက်နာ ကျင့်သုံး နိုင်ရန် သဘောတူလက်မှတ် ရေးထိုးနိုင်ရန် အစိုးရ မဟုတ်သည့် လက်နက်ကိုင် အဖွဲ့များနှင့် ညှိနှိုင်းကာ Geneva Call အဖွဲ့မှ အကောင်အထည် ဖော်နေလျက် ရှိသည်။

လက်နက်ကိုင် ပဋိပက္ခအတွင််း ကလေးသူငယ်များအား အကာအကွယ်ပေးရေးနှင့် ကလေးစစ်သား အသုံးမပြုရေးနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထဲမှ မွန်ပြည်သစ်ပါတီ (NMSP), ကရင်အမျိုးသား အစည်းအရုံး (KNU), ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့သည် Geneva Call အဖွဲ့နှင့် သဘောတူ လက်မှတ် ရေးထိုးထားကြပြီး ဖြစ်သည်။