အစိုးရလုပ်ရပ် ငြိမ်းချမ်းရေးထိခိုက်ဟု UWSP နှင့် SSPP ပြော

အစိုးရလုပ်ရပ် ငြိမ်းချမ်းရေးထိခိုက်ဟု UWSP နှင့် SSPP ပြော
by -
ကေအဲန်ဂျီ

အစိုးရစစ်တပ်မှ ပစ်ခတ်မှုကြောင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၏ ဗိုလ်သင်တန်း ကျောင်းမှ ဗိုလ်လောင်းများ ၂၃ ဦးသေဆုံးမှုအပေါ် ကန့်ကွက်ကြောင်းနှင့် ငြိမ်းချမ်းရေး လုပ်ဆောင်မှုကို ထိခိုက်စေသည်ဟု UWSP၊ မိုင်းလားနှင့် SSPP/SSA အဖွဲ့များက ကန့်ကွက်ကြောင်း ပြောဆိုလိုက်သည်။

ပြည်တွင်း ငြိမ်းချမ်းရေး ရရှိတော့မည့် အချိန်ကာလတွင် ၎င်းပြဿနာမျိုးဖြစ်ပွားခဲ့သည့်အတွက် အလေးအနက်ထား ကန့်ကွက်လိုက်ပြီး နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုရန် တိုက်တွန်းထားသော ပူးတွဲကြေငြာချက်ကို နိုဝင်ဘာလ ၂၃ ရက်က ထုတ်ပြန်ခဲ့သည်။

Funeral-of-23-KIA-cadets

“ဒါက လုပ်ထုံးလုပ်နည်းနဲ့ မညီဘူး။ ငြိမ်းချမ်းရေးလုပ်နေတဲ့အချိန်မှာ ဒီလို ဖြစ်သွားတယ်ဆိုတော့ ရပ်တန့်သွားမှာပေါ့။ ယုံကြည်မှု ပိုလျော့သွားတာပေါ့။ ငြိမ်းချမ်းရေး ထိခိုက်မှုရှိတယ်။ ဒါက အန္တာရယ်ပေါ့ဗျာ။ ဒီကိစ္စက ပြန်လည် ကြိုးစားရမှာပါ။ အစိုးရဘက်ကလည်း ဒီလို ပုံစံနဲ့ သွားလို့ ဘယ်ရမလဲ။ ထိုးစစ်ရေးတွေ ရပ်ပြီးတော့ ဆွေးနွေးပွဲမှာ ပြေလည်အောင် ကြိုးစားရမှာပါ” ဟု ၀ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောသည်။

ငြိမ်းချမ်းရေး အမှန်တကယ်လိုလားသည့် ဆန္ဒပြဖော်ပြရန်အတွက် ပဋိပက္ခဖြစ်ပွားသည့် နှစ်ဖက်စလုံး ကိုယ့်ကိုယ်ကို တင်းကျပ်စွာ ချုပ်ထိန်း၍ လက်ဦးမှု ယူပြီး တစ်ဖက်သားအား ထိုးစစ်ဆင်တိုက်ခိုက်မှုများ မပြုလုပ်ကြရန်၊ UPWC နှင့် တိုင်းရင်းသားအဖွဲ့အစည်းများ ထိတွေ့ဆက်ဆံမှု မြင့်တင်၍ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှု အဆုံးသတ်ပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် အမြန်ဆုံး ချုပ်ဆိုနိုင်ရန် တိုက်တွန်းလိုက်သည်။

သေဆုံး ဒဏ်ရာရရှိသူများသည် သွေးချင်းသားချင်းများသာ ဖြစ်၍ မိသားစုအချင်းချင်း ဓားလှံများဖြင့် တိုက်ခိုက်ခြင်းသည် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူလူထု၏ အကျိုးကိုသာ ထိခိုက်စေပါသည် ဟု ဖော်ပြထားသည်။

နိုဝင်ဘာလ ၁၉ ရက်က KIA ဗဟို ဌာနချုပ် လိုင်ဇာအနီး ဗိုလ်သင်တန်းကျောင်းသို့ ခရာဘွမ်တောင်ရှိ အစိုးရ၏ ခမရ တပ်ရင်း ၃၈၉ ပစ်ခတ်လိုက်သော ၁၀၅ မမ လက်နက်ကြီးကြောင့် ဗိုလ်လောင်း ၂၃ ဦးသေဆုံးခဲ့ရာ ၂၀ ဦးဒဏ်ရာရရှိခဲ့သည်။

အဆိုပါ လုပ်ရပ်အား အစိုးရဖက်မှ မတော်တဆဖြစ်မှုဟု တုံ့ပြန်ထားသော် မြန်မာနိုင်ငံရှိ တိုင်းရင်းသားအဖွဲ့နှင့် အဖွဲ့အစည်းများ အများအပြားက ငြိမ်းချမ်းမှုကိုထိခိုက်စေသည့် လုပ်ရပ်ဖြစ်သည်ဟု ရှုတ်ချသော ကြေငြာချက်များ အသီးသီးထုတ်ပြန်ခဲ့သည်။

Most read this week