အစိုးရတပ်မှ KIO/KIA၏ ဗိုလ်သင်တန်း ကျောင်းအား ပစ်ခတ် တိုက်ခိုက် မှုကြောင့် ဗိုလ်လောင်းများ သေဆုံး ခဲ့ရ မှုကြောင့် လက်ရှိ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကောင်အထည် ဖော်နေသည့် ငြိမ်းချမ်းရေး ဖော်ဆောင် ရေးအား ယုံကြည်မှု လျော့ကျ စေနိုင် သည်ဟု UNFC နှင့် KIO ထိပ်တန်း တာဝန် ရှိသူ များက ရွှေဟင်္သာ သတင်း ဌာနအား ပြောကြားသည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အထွေထွေ အတွင်းရေးမှူး ခူဦးရယ်က “ယုံကြည်မှု တည်ဆောက်တဲ့ ကာလမှာ အခုလို ယုံကြည်မှု ပျက်ပြားအောင် တပ်မတော် ဖက်က ရုတ်တရက် အလစ်အငိုက် သဘောမျိုး လှုပ်ရှား တာကတော့ တမင်တကာ တွေ့ဆုံ ဆွေးနွေးမှု လမ်းကြောင်းကို ပိတ်လိုက်တဲ့ သဘောမျိုး ဖြစ်တယ်လို့ ကျနော်တို့ ဖက်က ခံစား ရတယ်” ဟု ခူဦးရယ်က ရွှေဟင်္သာ သတင်း ဌာနအား နိုဝင်ဘာလ (၂၀) ရက်နေ့၌ ပြောကြားသည်။
နို၀င်ဘာ ၁၉ ရက်နေ့တွင် ကချင်ပြည်နယ် ခယာဘွမ် တောင်၌ အခြေစိုက် ထားသည့် မြန်မာ့ တပ်မတော် ခြေမြန် တပ်ရင်း (၃၈၉) တပ်ဖွဲ့မှ KIO ၏ ၀ုိင်ကျိုင်ဘွမ် (ဒေသ အခေါ်) အရပ်ရှိ အရာရှိ ဗိုလ်လောင်း သင်တန်း ကျောင်းကို (၁၀၅) မမ တာဝေးပစ် အမြှောက်ဖြင့် ပစ်ခတ် တိုက်ခိုက် မှုကြောင့် ဗိုလ်လောင်း ၂၃ဦး ကျဆုံး ခဲ့ပြီး၂၀ ဦး ဒဏ်ရာ ရရှိ သွားခဲ့သည်။
KIA ၏ လိုင်ဇာ ဗိုလ်သင်တန်း ကျောင်းအား တပ်မတော်မှ လက်နက်ကြီးနှင့် ပစ်ခတ် တိုက်ခိုက်မှုသည် အခင်း မဖြစ် ပွားမီ ရက်ပိုင်း အတွင်းက KIA ဘက်မှ တပ်မတော် စစ်ကြောင်း များအပေါ် ထိပါး တိုက်ခိုက်မှုအားစစ်ရေး သဘော တရား အရ သတိပေး တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာလ (၂၃) ရက်နေ့ ဗွီအိုအေ သတင်း ဌာနနှင့် သီးသန့် တွေ့ဆုံ မှုတွင် ပြောဆို ခဲ့သည်။
တပ်မတော် စစ်ကြောင်း များအပေါ် တိုက်ခိုက် နေမှု ဖြစ်စဉ် များနှင့် ပတ်သက်၍ နိုဝင်ဘာလ (၂၀) ရက်နေ့ကလည်း ပြန်ကြားရေး ဝန်ကြီး ဌာနမှ သတင်း ထုတ်ပြန်ချက် တစ်ခု ထုတ်ပြန် ခဲ့သည်။
“တပ်မတော် အနေဖြင့်တိုင်းပြည် ကာကွယ်ရေး လုပ်ငန်းစဉ် အတွက် လုံခြံုရေး တာဝန် ထမ်းဆောင် ခြင်းနှင့် အထောက်အကူ လမ်းဖောက်လုပ်ခြင်း များကို ပုံမှန် ဆောင်ရွက် နေရာ ကေအိုင်အေ အဖွဲ့ အနေဖြင့် လုံခြံုရေး တာဝန် ထမ်းဆောင် နေသည့် စစ်ကြောင်း များအား ချောင်းမြောင်း တိုက်ခိုက်ခြင်း၊ လမ်းဖောက် လုပ်သော စစ်သည်၊ ၀န်ထမ်း များအား နှောင့်ယှက် တိုက်ခိုက် မှုများ ထပ်မံ ပြုလုပ်ခြင်း မရှိ စေရေး သတိပေး အကြောင်းကြား ထားပြီး ဖြစ်ကြောင်း” ရေးသား ဖော်ပြ ထားသည်။
ထို့အလား တူပင် ကချင်ပြည်နယ် နယ်စပ် ကာကွယ်ရေးနှင့် လုံခြံုရေး ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်မှ နိုဝင်ဘာ (၂၀) ရက်နေ့ မြစ်ကြီးနား မြို့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ၌လည်း တမင် ရည်ရွယ် ပစ်ခတ်ခြင်း မဟုတ် ကြောင်းကို ပြောကြား ခဲ့သည်။
သို့သော်လည်း အစိုးရ သက်ဆိုင်ရာ တပ်များ၏ သတင်း ထုတ်ပြန် ချက်နှင့် ပြောကြားချက် များမှာ ထိုသတင်း ဖြစ်စဉ် အမှန်နှင့် လွဲမှားစွာ ဖော်ပြ ထုတ်ပြန်ကြောင်း KIO မှ ဆိုကာ ယခု ကဲ့သို့ မြန်မာ အစိုးရနှင့် KIO တို့အကြား ဖြစ်ပွား နေသော စစ်ရေး တင်းမာ မှုကြောင့် “ငြိမ်းချမ်းရေး တွေ့ဆုံမှုကို လုံးဝ ပျက်ပြယ် သွားတာ မျိုးတော့ မဖြစ် စေချင်ဘူး” ဟု ကချင် လွတ်မြောက်ရေး အဖွဲ့ ပြောရေး ဆိုခွင့် ရှိသူ ဦးလနန် ကလည်း နိုဝင်ဘာလ (၂၀) ရက်နေ့က ရွှေဟင်္သာ သတင်းဌာသို့ ပြောကြား ခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက် ၍လည်း တပ်မတော် ဘက်မှ ဖြေရှင်း ထားချက်နှင့် ကေအိုင်အေ ဖြေရှင်းချက် များအား အစီရင် ခံစာ ပြုလုပ်ကာ အစိုးရ အဖွဲ့ထံ ဆက်လက် တင်ပြရန် ရှိကြောင်း မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ ပြောရေး ဆိုခွင့် ရှိသူ ဒေါက်တာ မင်းဇာ်ဦးက ရွှေဟင်္သာ သတင်း ဌာနအား နိုဝင်ဘာလ (၂၀) ရက်နေ့က ပြောကြားခဲ့သည်။
နို၀င်ဘာ ၁၉ ရက်နေ့တွင် မြန်မာ စစ်တပ်မှ လက်နက် ကြီးဖြင့် ပစ်ခတ် ခဲ့မှုကြောင့် ဗိုလ်လောင်း၂၃ဦး ကျဆုံး ခဲ့ပြီးအများ အပြား ဒဏ်ရာ ရရှိမှု ဖြစ်စဉ် အပေါ် UNFC အပါ အဝင် ကချင် ဘာသာရေး အဖွဲ့ အစည်းများ၊ ရက္ခိုင့်တပ်မတော်(AA)၊ ABSDF ခေါ် မြန်မာ နိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၊ ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (TNLA) ၊ ကရင် အမျိုးသား အစည်းအရုံး (KNU) ၊ ချင်းအမျိုးသား တပ်ဦး (CNF) တို့မှ ကန့်ကွက် ကြောင်းနှင့် ၀မ်းနည်းကြောင်း သဝဏ်လွှာများ ယခု ရက်ပိုင်း အတွင်း အသီးသီး ထုတ်ပြန် ခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၂၂) ရက်နေ ့၌လည်း ထိုကျဆုံး သွားသည့် ကချင် ဗိုလ်လောင်း များအား ရည်စူး၍ ရန်ကုန်မြို့ မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC) ၌ အဖွဲ့အစည်း အသီးသီးမှ လွမ်းသူ့ ပန်းခွေများ ချသည့် လှုပ်ရှားမှု တစ်ခုအား ပြုလုပ် ခဲ့သည်။