ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလ ပန်းခြံဘေးနှင့် ရန်ကုန်တရား လွှတ်တော်ရုံးရှေ့တွင် ဖွင့်လှစ်ထားသော မိကျောင်းကန် သပိတ်စခန်း ရှစ်လပြည့်ပြီးဖြစ်သော်လည်း ထူးခြားမှုမရှိသေးသဖြင့် ဖြေရှင်းပေးရန် သမ္မတထံ စာတင်သွားမည်ဟု အဆိုပါ သပိတ်စခန်းတွင် ဆန္ဒဖော်ထုတ်နေသူ ဦးမောင်မောင်က မဇ္ဈိမကို ပြောသည်။
မိကျောင်းကန်သပိတ်စခန်း ဖွင့်လှစ်ခဲ့သည်မှာ နိုဝင်ဘာ ၂၄ ရက် (ယနေ့) တွင် ရှစ်လသို့ရောက်ခဲ့ပြီးဖြစ် သော်လည်း ဖြေရှင်းမှု တစ်စုံတစ်ရာ မရရှိသေးဘဲ ဆန္ဒပြနေဆဲ ဖြစ်သည်။
အဆိုပါ မြေသိမ်းခံရခြင်းနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၄ ရက်က သမ္မတထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သော်လည်း မထူးခြားသေး၍ မြေပြန်လည် ရရှိရေးနှင့် ပတ်သက်ပြီးလျင်မြန်စွာ ဆောင်ရွက်ပေးရန် နို၀င်ဘာလ နောက်ဆုံး ပတ်တွင် ထပ်မံစာတင်မည် ဖြစ်သည်။
ဦးမောင်မောင်က “ပြည်သူလူထု ဒုက္ခကို ကိုယ်ချင်းစာနာ တတ်တယ်ဆိုရင် ပြည်သူတွေ ကျေနပ်အောင် ညှိနှိုင်းပေးပြီး ဆောင်ရွက်ပေးစေ ချင်တယ်။ ဥပက္ခာပြုမထားပါနဲ့လို့ အစိုးရကို ပြောချင်ပါတယ်” ဟု ပြောသည်။
မိကျောင်းကန် သပိတ်စခန်း စတင်ဖွင့်လှစ်ချိန်က ဆန္ဒဖော်ထုတ်သူ လူအင်အား ၂၀၀ ၀န်းကျင်ရှိပြီး ရှစ် လတာကာလသို့ ရောက်ရှိ လာချိန်တွင် သပိတ်စခန်းတွင် လူအင်အား ၅၀ ခန့်သာ ရှိတော့သည်။
လက်ရှိအချိန်တွင် ဆန္ဒပြသူများ၏ ကျန်းမာရေးနှင့် အစားအသောက်အတွက် အခက်အခဲများရှိလာသည်ဟု လည်း ဦးမောင်မောင်က ဆိုသည်။
မိကျောင်းကန်မြေသိမ်းခံရသူများက လက်ရှိကွက်လပ်ဖြစ်နေသည့် မိကျောင်းကန်မြေကို ပြန်ပေးရန်သော် လည်းကောင်း၊ ပေ ၂၀ x ၆၀ မြေ၏ ကာလပေါက်စျေးကို လည်းကောင်း၊ ၎င်းမြေနှင့် လျော်ညီသည့် အစားထိုးမြေကို ပြန်လည်ရရှိရန် တောင်းဆို ဆန္ဒပြနေခြင်း ဖြစ်သည်။