ဝေးလံသော ဒေသများသို့ ဆရာဝန်များ သွားရောက် တာဝန်ထမ်းဆောင်လိုခြင်း မရှိ

ဝေးလံသော ဒေသများသို့ ဆရာဝန်များ သွားရောက် တာဝန်ထမ်းဆောင်လိုခြင်း မရှိ
by -
မဇ္စျိမ

ဝေးလံခေါင်သီသော မြို့နယ်ပေါင်း ၁၁၀တွင် ကျန်းမာရေး စောင့်ရှောက်မှုပေးရန် ဆရာဝန်လုံလောက်စွာ မရှိသော်လည်း ဆရာဝန်များ အနေဖြင့် အဆိုပါမြို့နယ်များသို့ သွားရောက် တာဝန်ထမ်းဆောင်လိုခြင်းမရှိဟု ကျန်း မာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၂ ရက်တွင် သဘောထား ထုတ်ပြန်လိုက်သည်။

အဆိုပါဒေသများတွင် တာဝန်ထမ်းဆောင်ရန် လိုအပ်သောဆရာဝန်အရေအတွက်ကို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်အစိုးရတို့၏ အစီအစဉ်ဖြင့် လျှောက်လွှာခေါ်ယူ ခန့်ထားရန် စီစဉ်နေသည်ဟုလည်း ကျန်းမာရေးဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။

ထိုသို့ တိုင်းနှင့် ပြည်နယ်အစိုးရတို့၏ အစီအစဉ်ဖြင့် လိုအပ်သည့် ဆရာဝန်အရေအတွက်မရပါက အဆိုပါမြို့နယ်များသို့ တပ်မတော် အရာရှိ ဆရာဝန်များအား အလှည့်ကျစနစ်ဖြင့် သွားရောက်တာဝန်ထမ်းဆောင်စေရန်  ဆုံးဖြတ်ချက် မချရသေးသော်လည်း “နည်းလမ်းတစ်ခုအဖြစ် စဉ်းစားသုံးသပ်နေသည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အစိုးရက ၂၀၁၁-၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးအသုံးစရိတ် ကျပ်သန်းပေါင်း ၉၂,၀၀၉ ခန့်၊ ၂၀၁၂-၂၀၁၃ တွင် အသုံးစရိတ် ကျပ်သန်းပေါင်း ၃၆၇,၉၇၀ ခန့် သုံးစွဲခဲ့သည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ကျန်းမာရေးအသုံး စရိတ်သည် ကျပ်သန်းပေါင်း ၄၉၉,၃၀၆ ဖြစ်ပြီး အစိုးရအသုံးစရိတ် စုစုပေါင်း၏ ၃ ဒသမ ၂၁ ရာခိုင်နှုန်း ရှိသည်။

သို့သော် ကျန်းမာရေးအသုံးစရိတ်ကို တစ်နှစ်ထက်တစ်နှစ် ပိုမို တိုးမြှင့်သတ်မှတ်ပေးခဲ့သော်လည်း နွမ်းပါးပြည်သူအများစု၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် အထောက်အပံ့နည်းပါးလျက် ရှိနေသေးသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် ဆရာဝန်နှင့် လူဦးရေအချိုးမှာ လူဦးရေ ၁၆,၃၀၀ တွင် ဆရာဝန် တစ်ဦးသာ ရှိနေသေးသည်။

သမ္မတ ဦးသိန်းစိန်ကမူ “ငွေကြေး မတတ်နိုင်သူများအတွက် နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကို တိုးတက်အောင် ဆောင်ရွက်သွားမည်” ဟု ဇန်နဝါရီလ ၃၁ ရက်တွင်ပြုလုပ်သည့် ကျန်းမာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး ဆွေးနွေးပွဲတွင် ပြောကြားထားသည်။