မျက်မှောက် မြန်မာ့နိုင်ငံရေးအတွင်း ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာသည် စိတ်လှုပ်ရှားဖွယ်ရာများ သတင်းစကားများဖြင့် ပြည့်နှက်နေသော လဖြစ်သည်။ ပီအာရ်ကို ပြည်သူ့လွှတ်တော်တွင် မကျင့်သုံးရန် ဆုံးဖြတ်လိုက်သည်။
ဖွဲ့စည်းပုံပြင်ဆင်ရေး အသံကျယ်လောင် နေချိန်တွင် ၂၀၁၅ အလွန် ရောက်မှ အတည်ပြုမည်ဟု ဆိုလာသည်။
ဆွေးနွေးခွင့်ပြုထားသည့် ပီအာရ်၊ ဆွေးနွေးဆဲ ပီအာရ်ကို အခြေခံဥပဒေ ဆိုင်ရာခုံရုံးသို့ မည်သည့်အချိန် ပေးပို့ မေးမြန်းသည်ကို မသိခဲ့ရဘဲ ဖွဲ့စည်းပုံနှင့် မညီဟု ဆိုလိုက်ခြင်းဖြင့် ၁၁၄ ရက် ကြာ ငြင်းခုံမှုများ အဆုံးသတ်သွားသည်။
ထို့အတူ စာတစ်တန်ပေတစ်တန်ဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ထုတ်ပြန် အသိပေးထားသော ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမတိုင်မီ ခြောက်လအလို ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းအဆုံးသတ်ရန် ညွှန် ကြားချက်ပျက်ပြယ်ပြန်သည်။ ဆွေးနွေးမှုများကို နိုဝင်ဘာ ၂၅ ရက်အပြီးသတ်ရန်၊ လူထု ဆန္ဒခံယူခြင်းကို ၂၀၁၅ မေလ နောက်ဆုံးထား ဆောင်ရွက်ရန်နှင့် အတည်ပြု ရန်ကိုမူ အထွေထွေရွေးကောက်ပွဲပြီးမှ လုပ် မည်ဟု ပြောဆိုလိုက်ခြင်းဖြစ်သည်။
ယခုတစ်ကြိမ်တွင်မူ လွှတ်တော်တွင်း ပြောဆိုခြင်းမဟုတ်ဘဲ မီဒီယာတို့ မှ တစ်ဆင့်ဖြစ်၏။ “ရွေးကောက်ပွဲ အပြီး ထွက်ပေါ်လာတဲ့ အဖြေပေါ် မူတည်ပြီးမှ ဆောင်ရွက်ရမှာ”ဟု နိုဝင်ဘာ ၁၈ ရက်တွင်ပြောကာ ဖွဲ့ စည်းပုံပြင်ဆင်ရေးလုပ်ငန်းစဉ် အချိန်ဇယားကို ရုတ်ခြည်း ပြောင်းလဲလိုက်ခြင်းဖြစ်သည်။
ထိုသူကား တပ်မတော်အစိုးရ လက်ထက် နံပါတ်-၃ ခေါင်းဆောင်ဟု လူသိများသူလက်ရှိ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းပင်။ လွှတ်တော်တို့၏ ကနဦးကာလလက်ရှိ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြည်ထောင်စုလွှတ်တော်ကို တာဝန်ယူစဉ် အလားတူ ဦးဆောင်ဆုံး ဖြတ်သည်ကို အမတ်တို့ ငြိမ်မခံခဲ့ကြ။
၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ အတွင်း ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်ချက်တစ်ခုကို ထိုအချိန်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ်တာဝန်ယူသည့် သူရဦးရွှေမန်း၏ အမတ်တို့က ပြင်းထန်စွာ ကန့်ကွက်ကြ သည်။ လွှတ်တော်က ပြဋ္ဌာန်းပြီးသောဥပဒေများ သမ္မတထံ မပို့မီအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ ပေးပို့စိစစ် မည်ကို ဦးခင်အောင်မြင့်က အသိပေးရုံသာ ပေး၍ဖြစ်သည်။
ထို့နောက်တွင် ပြည်သူ့လွှတ်တော်က ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း၊ အမျိုး သား လွှတ်တော်ကအတည်ပြုကြောင်း အပြန်အလှန်ဆွေးနွေးကြပြီး “လွှတ်တော် နှစ်ရပ်စစ်ခင်းရင် ခင်းရပါေ” ဟူ၍ပင် အမတ်တို့အကြားကြံုးဝါးသည်အထိ ပဋိပက္ခ ပြင်းထန်ပါသည်။
ဗိုလ်ချုပ်အဆင့် တာဝန်ထမ်းဖူးသူ ဦးခင်အောင်မြင့်က အောက်တိုဘာ ၂၈ ရက် ပြည်ထောင်စုလွှတ်တော်၌ ကော်မရှင်ဖွဲ့စစ်ဆေးနိုင်ပြီး မှားယွင်းပါက အပြစ်ခံမည်ဟုဆိုမှ ပြေလည်သည်။
ထို့နောက် သုံးနှစ်ကျော်အကြာတွင် တပ်မတော်၌ ဗိုလ်ချုပ်ကြီးအဆင့်တာဝန် ထမ်းဖူးသူ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၏ အသိပေးချက်ဖြင့် နိဋ္ဌိတံသွားသော ပီအာရ်၊ မီဒီယာမှ တစ်ဆင့် ပြင် ဆင်ပြောဆိုသော ဖွဲ့စည်းပုံပြင်ရေးလမ်းညွှန်ချက်အသစ်တို့တွင်မူ မည်သူမျှ စောဒကမတက်ကြ။
သူသည် လွှတ်တော်အတွင်း အင်အားအကြီးဆုံး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌလည်း ဖြစ်ပြီး ပီအာရ်အရေးတွင် အတိုက်အခံထောက်ခံမှုကို ပါးနပ်စွာရယူခြင်းဖြင့် ဆန့်ကျင်မှုများကို ရှောင်လွှဲနိုင်ခဲ့သည်ဟု သုံးသပ်သူတို့ ရှိ၏။
ဒေါ်အောင်ဆန်းစုကြည်ကလည်း သူရဦးရွှေမန်း၏ ဖွဲ့စည်းပုံအရေး ပြောဆိုချက်သည် လုပ်ငန်းစဉ်သာဖြစ် ၍ လက်ခံသည်ဟု ပြောထားသည်။ သို့ သော် နာယက၏ အစီအမံသည် ဥပဒေကြောင်းအရ လွဲမှားသော လုပ်ငန်းစဉ် ဖြစ်နေ၍ နှုတ်ဆိတ်မနေသင့်ဟု ဝေဖန်သူတို့လည်း ရှိသည်။
ဆွေးနွေးမှုများအဆုံးသတ်ရမည့် ရက်သတ်မှတ်ခြင်းသည် သဘာဝကျသော်လည်း မဲပင်ပေးခွင့်မရှိသည့် နာယကက လူထုဆန္ဒခံယူပွဲပြုလုပ်မည့် အချိန်နှင့်ရှေ့လုပ်ငန်းစဉ်တို့ကို တစ်ပါတည်း ဆုံးဖြတ်ထားခြင်း မှာမူ ဥပဒေနှင့် မညီဟု NLD ဥပဒေအကြံပေးအဖြစ် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဟောပြောမှု များလိုက်ပါ ဆောင်ရွက်ဖူးသူ ရှေ့နေဦးကိုနီ က ပြောသည်။ “ဘာတွေဆုံးဖြတ်မယ် ဆိုတာကို ကြိုသိနေသလား”ဟု ၎င်းင်းက မေးခွန်းထုတ်သည်။
NLD အပါအဝင် မေးမြန်းမိသည့် အရေအတွက် အတန်ငယ်များသော အမတ်တို့က နာယကကို မဝေဖန်ေ သော်လည်း လုပ်ငန်းစဉ်အသစ်ကို တရားဝင် အသိမပေးသေးဟု ပြောသည်။
“လွှတ်တော်အတွင်းမှာပြောရမယ့် စကားကို ဘာကြောင့်သတင်းစာရှင်းပွဲ လုပ်သလဲ။ ပြင်ပမှာ ပြောခြင်းသည် နာယကတစ်ဦးအနေနဲ့ပဲ ဖြစ်နိုင်တယ်။ ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌအနေနဲ့ ပြောတာလည်း ဖြစ်နိုင်တယ်။ ပုဂ္ဂလိကအနေနဲ့ ပြောတာ ဖြစ်နိုင်တာပေါ့””ဟု အမျိုး သားလွှတ်တော်အမတ် ဒေါက်တာ အေးမောင်က သုံးသပ်သည်။
သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ သဘောတူညီချက် တစ်စုံတစ် ရာရှိပြီးဖြစ်သည်ဟု ယူဆသူတို့လည်းရှိသည်။ “အကြမ်းဖျင်း သဘောတူညီမှုတစ်ခု ယူထားတယ်လို့ နား လည်ထားတယ်”ဟု ရန််ကုန်နိုင်ငံရေးသိပ္ပံကျောင်း ဥက္ကဋ္ဌ ဦးမြတ်သူက ဆိုသည်။
လာမည့် အထွေထွေ ရွေးကောက်ပွဲတွင် အဓိကပြိုင်ဘက်ဖြစ်လာမည့် ပါတီကြီးနှစ်ခု၏ ဥက္ကဋ္ဌများက သမ္မတ ဖြစ်လိုကြောင်းလည်း အကြိမ်ကြိမ်ထုတ်ပြော ထားသည်။ သို့သော် ဒေါ်အောင်ဆန်း စုကြည်မှာမူလက် ရှိဖွဲ့စည်းပုံပါ သမ္မတ အရည်အချင်း သတ်မှတ်ချက်အရ ဖြစ်နိုင်ခြေ လုံးဝမရှိ။
ထိုအချိန်တွင် ဖွဲ့စည်းပုံပြင်ဆင်မှု အတည်ပြုရေးရက် ရွှေ့မည်ဟုပြောသော သူရဦးရွှေမန်းက ၂၀၁၅ အလွန် သမ္မတဖြစ်ရေးမျှော်လင့်သည်ဟု ထပ်မံပြောဆိုသည်။ လုပ်ငန်းစဉ်ထောက်ခံပါ သည်ဆိုသော ဒေါ်အောင်ဆန်းစုကြည် ကမူသမ္မတဖြစ်ခွင့်အလားအလာအပေါ် မှတ်ချက်မပြုသေး။
၎င်းတို့ နှစ်ဦးအကြား ဖွဲ့စည်းပုံပြင် ရေးနှင့် ပီအာရ်စနစ်စွန့်လွှတ်ရေးတို့တွင် အပေးအယူရှိပြီးဖြစ်သည်ဟု သုံးသပ်သူ တို့လည်း ရှိသည်။ အချိုးကျကိုယ်စားပြု စနစ် ပီအာရ်ကို မပြောင်းလဲဘဲ မဲဆန္ဒနယ်အလိုက် မဲ အများဆုံးသူ အနိုင်ရစနစ် ဆက်လက် ကျင့်သုံးခြင်းဖြင့် NLDက လွှတ်တော်အတွင်း အင်အားကြီး ပါတီ ဖြစ်လာနိုင်ခြေရှိသည်ဟု သုံးသပ်သူတို့က ဆိုကြသည်။
ထို့ကြောင့် သူရဦးရွှေမန်းကပီအာရ် ကို ပျက်ပြယ်စေ၍ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်ခွင့် မျှော်လင့်ချက် (၅၉-စ ပြင်ဆင်ခြင်း)ကို နောင်လာမည့် လွှတ်တော်သက်တမ်း ငါးနှစ်သို့ ရွှေ့ လိုက်ခြင်းဖြင့် အပေးအယူတည့်သွားသည်ဟု ယုံကြည်နေကြခြင်းပင်။
“လာမယ့် ရွေးကောက်ပွဲအပြီး ဦးရွှေမန်းကို သမ္မတအဖြစ်NLD က ထောက်ခံမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်လေ” ဟု သီပေါမြို့နယ် ပြည်သူ့လွှတ်တော် အမတ်ဦးရဲထွန်းက သုံးသပ်သည်။