သံလွင်မြစ် ရေအားလျှပ်စစ် စီမံကိန်းများအပေါ် လူထုသဘောထား ကောက်ယူပြီး ထိုင်းအစိုးရသို့ တင်ပြမည်

သံလွင်မြစ် ရေအားလျှပ်စစ် စီမံကိန်းများအပေါ် လူထုသဘောထား ကောက်ယူပြီး ထိုင်းအစိုးရသို့ တင်ပြမည်
by -
မဇ္စျိမ

သံလွင်မြစ် ဖြတ်သန်းစီးဆင်းရာ မြန်မာနိုင်ငံအတွင်းရှိ ရေအားလျှပ်စစ် စီမံကိန်းများအပေါ် ထိုင်းနိုင်ငံ လူထုများ သဘောထားကို လေ့လာပြီးနောက် ထိုင်းနိုင်ငံ အစိုးရသို့ တင်ပြမည်ဟု ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ဆပ်ကော်မတီ အဖွဲ့ဝင် Mr. Prasart Meetam က ပြောသည်။

၎င်းက “ရေအားလျှပ်စစ် စီမံကိန်းတွေက ထိုင်းမှာမလုပ်ဘူးဆိုပေမယ့် သူ့ရဲ့ ဆိုးကျိုးသက်ရောက်မှုတွေက ထိုင်းကိုပါ ထိခိုက်နိုင်တဲ့အတွက် ထိုင်းလူထုသဘောထားတွေကို မေးမြန်းပြီး အစိုးရကို တင်ပြမယ်၊ လက်ရှိတော့ ဒေသခံတွေကို တွေ့ဆုံမေးမြန်းနေတာဖြစ်တဲ့အတွက် ဘယ်တော့လောက် ထိုင်းအစိုးရကိုတင်မယ်ဆိုတာတော့ ပြောလို့မရသေးဘူး။” ဟု ဆိုသည်။

salween-dams-map

မြန််မာနိုင်ငံအတွင်း သံလွင်မြစ် ဖြတ်သန်းစီးဆင်းရာ ဒေသများတွင် ရေအားလျှပ်စစ် စီမံကိန်း ၆ ခု ရှိရာ ဟတ်ကြီးရေအားလျှပ်စစ် စီမံကိန်းနှင့် တာဆန်းရေအားလျှပ်စစ် စီမံကိန်းများသည် ထိုင်းနိုင်ငံ အစိုးရပိုင် အဖွဲ့ဖြစ်သော EGAT International Co.,Ltd မှ အဓိကလုပ်ကိုင်နေ သည်ဖြစ်ရာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ ဒေသခံများ၏ ကန့်ကွက်မှု သဘောထားများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အနေဖြင့် တာဝန်ရှိသည်ဟုလည်း ၎င်းကဆိုသည်။

အဆိုပါ ဆည်များတည်ဆောက်ပါက ထိုင်းနိုင်ငံ၏ သစ်တောကောင်းသော နေရာများ ရေလွှမ်းမိုးခြင်း၊ ကုမ္ပဏီများဝင်ရောက်ကာ သစ်ခုတ်ခြင်းများကြောင့် သစ်တောများပြုန်းတီးခြင်း၊ ရေအားလျှပ်စစ် စီမံကိန်းကြောင့် ၀င်ငွေများ ရရှိလာပါက လာဘ်စားမှု များ ဖြစ်ပေါ်နိုင်ခြင်း၊ ငါးမျိုးစိတ်များ ပျောက်ဆုံးခြင်း၊ မြန်မာနိုင်ငံမှ စီမံကိန်းကြောင့် ရွှေ့ပြောင်းခံရသည့် တိုင်းရင်းသားများ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာနိုင်ခြင်း၊ ဆည်ဆောက်မည့် နေရာများတွင် ငလျင်ကြောများ ရှိနေခြင်း စသည့်အခြေအနေများ ရှိနေသည်ဟု ထိုင်းအမျိုးသားလူ့အခွင့်အရေး ကော်မတီ အဖွဲ့ဝင် Mr.Pakurn Kung Wonpal က ပြောသည်။

ယင်းစီမံကိန်းများကြောင့် ဆိုးကျိုးသက်ရောက်မှုများရရှိနိုင်သည့်အတွက် ဒေသခံများ အပါအဝင် ထိုင်းလူမှုအဖွဲ့အစည်းများက ကန့်ကွက်လျက်ရှိသည်ဟု ထိုင်းနိုင်ငံမှ Natural Resource and Environmental Management Community မှ အဖွဲ့ဝင် Mr. Paicote က ပြောသည်။

ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့မှ စောသာဘိုးက “မြန်မာနိုင်ငံမှာက လူ့အခွင့်အရေး ရရှိမှုနဲ့ ပတ်သက်ရင် အားနည်းတယ်။ အခုဆို ဟတ်ကြီးစီမံကိန်းဆောက်မယ့် နေရာနဲ့ အနီးနားမှာ အစိုးရတပ်တွေစွဲထားပြီ။ သတင်းအချက်လက်လည်း ဒေသခံတွေ သိရမှုနည်းတယ်”ဟု ပြောသည်။

ရေအားလျှပ်စစ် စီမံကိန်းများ အနက်မှ ရှမ်းပြည်နယ်ရှိ တာဆန်း ( မိုင်းတုံ) ရေအားလျှပ်စစ် စီမံကိန်းကို ထိုင်းနိုင်ငံမှ EGAT, တရုတ်နိုင်ငံမှ China Three Gorges Project Corporation and Sinohydro နှင့်် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနတို့ ပူးပေါင်း လုပ်ဆောင်မည်ဖြစ်ပြီး မဂ္ဂါ၀ပ်ပေါင်း ရ၁၁၀ ထုတ်မည်ဖြစ်သည်။ ကရင်ပြည် နယ် ထိုင်း-မြန်မာနယ်စပ်တွင် ဟတ်ကြီးရေအားလျှပ်စစ် စီမံကိန်းကို အဆိုပါ ကုမ္ပဏီများကပင် လုပ်ဆောင်မည်ဖြစ်ပြီး မဂ္ဂါ၀ပ်ပေါင်း ၁၃၆၀ ထုတ်ယူမည်ဖြစ်သည်။