မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းဝယ်မှုတွင် ကမ္ဘာ့အဆင့် (၂) အဖြစ် သတ်မှတ်ခံထားရသော မြန်မာနိုင်ငံတွင် မူးယစ်ဆေးသုံးစွဲသူ လူငယ်ဦးရေ ရာခိုင်နှုန်းမြင့်မားလျက်ရှိပြီး မူးယစ်တိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်နေ သူများကိုယ်တိုင် အကျိုးဖြစ်ထွန်းနေသည်ဟု ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမတ် (၃) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင် (ခ) ဦးအောင်ကျော်ဦး က ဆိုသည်။
“မူးယစ်ဆေးဝါးကို ကွမ်းယာဆိုင်အချို့မှာတောင် ဝယ်ယူလို့ရနိုင်ပါတယ်၊ အဲ့ဒီအပြင် အဂတိလိုက်စားမှုလို့ ဆိုရမယ့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးထဲမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင်က မူးယစ်လောကနဲ့ အကျိုးစီးပွားဖြစ်ထွန်းနေကြတယ်” ဟု ဦးခင်မောင်က ပြစ်တင်ပြော ဆိုလိုက်သည်။
မူးယစ်ဆေးဝါး ရောင်းချသူအများစုသည် အမျိုးသမီးများဖြစ်နေတတ်ပြီး ဆက်လက် လုပ်ကိုင်လိုစိတ်မရှိသော် လည်း မူးယစ်တိုက်ဖျက်ရေး တာဝန်ယူဆောင်ရွက်နေသူတို့အား ဆက်ကြေးပေးနေရပြီး ဆပ်ကြေးပေးဆောင် ခြင်းမရှိပါက ရန်လိုပြုမှုတတ်သဖြင့် ဆက်လက် လုပ်ကိုင်နေရခြင်းသာဖြစ်သည်ဟု အမှန်တကယ်မူးယစ်ရောင်းနေသူတစ်ဦးက သူရဇ္ဇဟိုတယ်တွင် လွှတ်တော်အမတ်များနှင့် နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက တွေ့ဆုံစဉ် ရင်ဖွင့်စကားပြောခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းကမူ “မူးယစ်ဆေးရောင်းချတာက အမြတ်အစွန်းသိပ်ကြီးတယ်၊ ငွေကြေး အရ အဆပေါင်းမြောက်များစွာမြတ်တဲ့ လုပ်ငန်းဖြစ်တယ်၊ အဲ့တော့ ဒီဟာလုပ်မယ့်သူတွေကလည်း သူတို့အမြတ်အစွန်းတွေ ရအောင် နည်းပေါင်းစုံ သုံးမှာပဲ၊ သုံးတဲ့နေရာမှာ တာဝန်ရှိတဲ့သူကို ငွေကြေးပေးတာမျိုး စသဖြင့် နည်းပေါင်းစုံလုပ်တာလည်း ရှိတယ်” ဟု ပြည်ထဲရေးဒု-ဝန်ကြီးက မဇ္စျိမကို ပြောသည်။
“မူးယစ်ဆေးဝါးနဲ့ပတ်သက် လို့ အမြဲတမ်းတွန်းတွန်းတိုက်တိုက်နဲ့ ဒီကိစ္စကို ရှိသမျှအင်အားနဲ့တော့ အကုန်လုပ်နေတာပဲ၊ အဓိက ပြည်သူ လူထုပူးပေါင်းပါဝင်ဖို့ ဥပမာအားဖြင့် ရပ်ကွက်ထဲမှာ ဘယ်ဆိုင်မှာ ဘိန်းဖြူရောင်းတယ် ဘယ်ကွမ်းယာဆိုင်မှာတော့ ဆေးပြားရောင်းတယ်၊ ဒါတွေက ဒီမှာနေတဲ့ ဒေသခံပြည် သူလူထုက ပိုသိတာပေါ့၊ အဲ့လိုသိရင် ရတဲ့သတင်းပေးပါ” ဟုလည်း ဖြည့်စွက်ပြောသည်။
၂၀၁၄ အောက်တိုဘာ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်း၊ ကြံတိုင်းအောင်ကားဂိတ် ဂိုဒေါင်အတွင်းရှိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ပို့ဆောင်မည့် အဝတ်အစားလေထုပ် အိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ခြောက်သိန်း ကိုးသောင်းဖမ်းဆီး ရမိခဲ့ကြောင်း ပြည်ထဲရေး ဒု-ဝန်ကြီးက ပြောသေးသည်။
တရားဥပဒေစိုးမိုးရေး၊ အဂတိလိုက်စားမှုပပျောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စသည့်အချက် သုံးချက်သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် လွန်စွာအရေးကြီးသည်ဟု လွှတ်တော်ကိုယ်စားလှယ်တို့က သုံးသပ်သည်။