ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထိုင်းနိုင်ငံ၌ တွေ့ဆုံမှုကို ထိုင်းတပ်မတော် စတင်ကန့်သတ်

ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထိုင်းနိုင်ငံ၌ တွေ့ဆုံမှုကို ထိုင်းတပ်မတော် စတင်ကန့်သတ်
by -
မဇ္စျိမ

မြန်မာအစိုးရ၏ တောင်းဆိုမှုကို အကောင်အထည်ဖော်ခြင်းဖြစ်ဟု ထိုင်းဒုဗိုလ်မှူးကြီးပြော

ထိုင်းမြန်မာ နယ်စပ်တွင် အခြေစိုက်သည့် ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် နောက်ပိုင်းတွင် ထိုင်းနိုင်ငံ၌ အစည်း အဝေးများ ပြုလုပ်မည် ဆိုပါက ထိုင်းစစ်တပ်သို့ ဦးစွာ အကြောင်းကြား ရမည် ဖြစ်ကာ နှစ်ဖက် ညှိနှိုင်းပြီးမှ ဆွေးနွေး၊ တွေ့ဆုံပွဲများကို ဆက်လက် လုပ်ဆောင် ရမည်ဟု ထိုင်းအမှတ် (၃) စစ်ဒေသမှ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ထံ အကြောင်းကြားထားသည်ဟု UNFC တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္စျိမကို နိုဝင်ဘာလ ၂၀ ရက်က ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ဒါက ပြောင်းလဲလာတဲ့ ပေါ်လစီ အသစ်ပေါ့ဗျာ၊ အကြောင်းကြား လာတာ (၄) ရက် (၅) ရက်လောက် ရှိပြီ၊ အရင်တုန်းကတော့ ဒေသဆိုင်ရာ အရာရှိတွေက သူတို့လိုင်းနဲ့ သူတို့ သိကြတယ်၊ အရင် လုပ်ထုံးလုပ်နည်းကတော့ နားလည်မှု ခပ်များများပေါ့၊ အခု ထိုင်းအာဏာပိုင်တွေကနေ အဲလိုမျိုး စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်ဆိုပြီး လာပြောပြတော့ ကျွန်တော်တို့လည်း လိုက်လံ လုပ်ဆောင်ဖို့ လိုလာတာပေါ့ဗျာ၊ ဒါလည်း စည်းနဲ့ကမ်းနဲ့ ဖြစ်အောင်လို့ပါ ၊ ပိတ်ဆို့ တားဆီး ဟန့်တားတဲ့ တာတော့ မဟုတ်ပါဘူး” ဟု မဇ္စျိမကို  ပြောသည်။

ယင်းသို့ ထိုင်းတပ်မတော်က ညွှန်ကြားချက် ထုတ်ပြန်လာခဲ့ခြင်းမှာလည်း ပြီးခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေး သွားရောက် တက်ရောက်ခဲ့သည့် ထိုင်းဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် တို့၏ ဆွေးနွေးမှုများမှ တစ်ဆင့် ထိုင်းမြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို  ထိုင်းအစိုးရက အကူအညီ ပေးနေသည်ကို ကန့်သတ်ရန် မြန်မာအစိုးရ၏ တောင်းဆိုမှုကို ထိုင်းအာဏာပိုင်များက အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းတပ်မတော်မှ အမည်မဖော်လိုသည့် ဒုတိယ ဗိုလ်မှူးကြီး တစ်ဦးကလည်း မဇ္စျိမကို  ပြောသည်။

အဆိုပါ ကန့်သတ်ချက် များကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရတို့ ညှိနှိုင်း ဖော်ဆောင်နေ သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ထိခိုက်နိုင်ဖွယ်ရှိကြောင်း UNFCမှ အမည်မဖော်လိုသည့် တိုင်းရင်းသားခေါင်းဆောင် တစ်ဦးက ပြောသည်။

အဆိုပါ အမည်မဖော်လိုသည့် တိုင်းရင်းသားခေါင်းဆောင်က  “အဓိ ညှိနှိုင်းတဲ့ နေရာမှာ ကျွန်တော်တို့ အချင်းချင်း မြန်မြန် ဆန်ဆန် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်း နိုင်မယ်ဆိုရင်၊ ချက်ခြင်း ဆုံးဖြတ်ချက် ချနိုင်မယ်၊ ငြိမ်းချမ်ရေး လုပ်ငန်းစဉ်ဆိုင်ရာ ညှိနှိုင်းချက်တွေ မြန်မြန်ဆန်ဆန် သဘောတူညီချက် ရနိုင်မယ်၊ ဒီအပိုင်းကို ထိုင်းအာဏာပိုင်တွေက ကန့်သတ်လိုက်တာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ ကဏ္ဍကို အနည်းနဲ့ အများတော့ ထိခိုက်မှု ရှိနိုင်တယ်” ဟု မဇ္စျိမကို ပြောသည်။

အဆိုပါ  ညွှန်ကြားချက်မှာ ထိုင်းနိုင်ငံ စစ်ဒေသဆိုင်ရာ အဆင့် ညွှန်ကြားချက် ဖြစ်ကာ အထူးသဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နေကြ သဖြင့် ၎င်းတွေ့ဆုံ ဆွေးနွေးမှုများအား ထိုင်းဒေသဆိုင်ရာ တပ်မတော်များမှ သိရှိနိုင်ရန်အတွက် ဖြစ်သည်ဟု ထိုင်းတပ်မတော်မှ အမည်မဖော်လိုသည့် ဗိုလ်မှူးတစ် ဦးက မဇ္စျိမကို ပြောသည်။

ထိုင်းကြည်းတပ်မတော်မှ ဗိုလ်မှူး တစ်ဦးက “အဲဒီ ညွှန်ကြားချက်က အမှတ် (၃) စစ်ဒေသရဲ့ ဒေသဆိုင်ရာ စစ်တိုင်းအဆင့် ပေါ်လစီ ဖြစ်တယ်၊ အဲဒီ နယ်မြေဒေသရဲ့ လုံခြံုရေးဆိုင်ရာကို သူတို့က တာဝန်ယူထားတာ ဆိုတော့ လုံခြံုရေးဆိုင်ရာ ကိစ္စရပ်နဲ့ ပတ်သက်ပြီး အကောင်အထည်ဖော် လုပ်ဆောင်သင့်တဲ့ ပေါ်လစီတွေကို အမှတ် (၃) စစ်ဒေသက ချမှတ်ပြီး အကောင်အထည် ဖော်ဖို့ ညွှန်ကြားတာ ဖြစ်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ အစည်းအဝေး မပြုလုပ်ခင် ကြိုတင် အကြောင်းကြားရမည့် ထိုင်းဒေသဆိုင်ရာ စစ်တိုင်း၏ ပေါ်လစီအား ယခုအကြိမ်၌ ပထမဆုံးအကြိမ် အဖြစ် ကျင့်သုံးခဲ့ခြင်း မဟုတ်ဘဲ ပြီးခဲ့သည့် ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝါဒ် အစိုးရ လက်ထက်၌လည်း အလားတူ ညွှန်ကြားခဲ့ခြင်း ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ထိုင်းအမှတ် (၃) စစ်ဒေသသည် ထိုင်းနိုင်ငံ မြောက်ပိုင်း တစ်ခွင်ရှိ ကြည်းတပ်များအား ထိန်းချုပ်ကွပ်ကဲရသည့် စစ်တိုင်း ဖြစ်ကာ ၎င်း၏ ထိန်းချုပ် ကွပ်ကဲမှု လက်အောက်၌ ချင်းမိုင်၊ ချင်းရိုင်၊ လန်ပန်၊ တာ့ခ်၊ ခရိုင်ရှိ ကြည်းတပ်များ ပါဝင်ကြောင်း သိရသည်။

ထိုသို့ အစည်းအဝေး (သို့မဟုတ်) တွေ့ဆုံပွဲ ပြုလုပ်မည် ဆိုက အကြောင်းကြားရမည့် အချက်များ၌ အစည်းအဝေး ကျင်းပမည့်ရက်၊ နေရာ ၊ ဆွေးနွေးမည့် အကြောင်းအရာ၊ တက်ရောက်မည့် လူဦးရေ စသည့် အချက်များအား ထိုင်းတပ်မတော်သို့ တရားဝင် အကြောင်းကြား ရမည် ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။