မိုးပွင့်စီမံချက်ဖြင့် လူဦးရေ ၃ ဒသမ၉ သန်းကို နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ပေးပြီးဖြစ်

မိုးပွင့်စီမံချက်ဖြင့် လူဦးရေ ၃ ဒသမ၉ သန်းကို နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ပေးပြီးဖြစ်
by -
မဇ္စျိမ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသည့် နိုင်ငံသားများ ကတ်ပြား ရရှိအောင် ဆောင်ရွက်ပေးသည့် မိုးပွင့်စီမံချက်ဖြင့် မှတ်ပုံတင် ပြုလုပ်ပေးရာ လူဦးရေ ၃ ဒသမ ၉ သန်းကို နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးပြီး ဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ရန်ကုန်တိုင်း ဦးစီးမှူး ဦးကြည်လင်းက မဇ္စျိမကိုပြောသည်။

လက်ရှိအချိန်တွင် မိုးပွင့် (၇) စီမံချက်ကို စတင်နေပြီဖြစ်ပြီး နိုဝင်ဘာ တတိယ အပတ်မှ ဒီဇင်ဘာလကုန်အထိ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ပြုလုပ်ပေးသွားမည်ဟုလည်း ဦးကြည်လင်းက ဆိုသည်။

Lawaka

ဦးကြည်လင်းက "စိစစ်ရေးကတ်ပြားတွေကို အခမဲ့လုပ်ပေးတာပါ။ စိစစ်ရေးကတ်ပြားအတွက် လိုအပ်တဲ့ ဓာတ်ပုံနဲ့ အချက်လက်တွေကို ယူလာဖို့ပဲလိုအပ်တာပါ။  မှတ်ပုံတင်မရှိတဲ့သူတွေအတွက် စီမံချက်က အမြဲတမ်း ရှိနေမှာပါ "ဟုပြောသည်။

မိုးပွင့် စီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားမရှိသည့် နိုင်ငံသားများအားလုံး စိစစ်ရေးကတ်ပြားများ ရရှိစေရန်အတွက် တစ်နိုင်ငံလုံးတွင် စီမံချက်ဖြင့်အကောင်အထည်ဖော်ခြင်းဖြစ်ကာ အသက် ၁၀ နှစ်ပြည့် နှင့် ၁၈ နှစ် ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုင်ဆောင်ခြင်း မရှိသေးသူများကို ကတ်ပြားများ အသစ်ပြုလုပ်ပေးခြင်း၊ ပျောက်ဆုံးကတ်ပြားများကိုပြန်လည်ပြုလုပ်ပေးခြင်းကို ဆောင်ရွက်မည်ဖြစ်သည်။

အဆိုပါ စီမံကိန်းဖြင့် ဆောင်ရွက်ပေးရာတွင် သွေးနှော ပြည်သူများ(ကပြား)အတွက် အခြေခံမှတ်တမ်းများဖြင့် တိုက်ဆိုင် စိစစ်ရန် လိုအပ်ချက် အရ မြို့နယ်ရုံးများတွင်သာ ဆောင်ရွက်ပေးမည်ဖြစ်ပြီး သွေးနှောမြန်မာ နိုင်ငံ သားများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တိုင်းဦးစီးမှူး ကသာ လက်မှတ်ထိုး ထုတ်ပေးမည်ဖြစ် သည်။

ယင်းစီမံချက်ဖြင့် နိုင်ငံသား စီစစ်ရေးကတ်ပြား ထုတ်ယူရာတွင် ငွေကြေးတစုံတရာ ပေးသွင်းရန် မလိုဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မွေးရာပါ နိုင်ငံသားများ အတွက် မိုးပွင့်စီမံချက်များဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ထုတ်ပေးခြင်းကို ၂၀၁၁ ခုနှစ် ဇူလိုင်က စတင်ဆောင်ရွက် ပေးခဲ့ခြင်းဖြစ်သည်။