သံဃာတော် ၄၇ ပါးဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတော် သံဃာ့မဟာ နာယက အဖွဲ့ကို ပြန်လည်ရွေးချယ်ရန် မန္တလေးမြို့တွင် ကျောင်းထိုင်သော သံဃာတော်အချို့ ဦးဆောင်၍ ထောက်ခံ လက်မှတ်ကောက်ခံနေ သည်ဟု မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်က မိန့်သည်
“သံဃာ့ဆန္ဒနဲ့ ညီညွတ်တဲ့ သံဃာ့နာယကများ ဖြစ်အောင်လုပ်ဖို့ ဒီလက်မှတ်တွေကို စတင်ကောက်ခံတာပါ။ သံဃာဆန္ဒနဲ့ ညီညွတ်တဲ့ အဖွဲ့အစည်းဖြစ်အောင် လုပ်မယ့်သဘောပါ” ဟု ဆရာတော် ဦးအရိယာဝံသက မိန့်သည်။
မန္တလေးမြို့၊ ကံတက်ကုန်းကျောင်းတိုက်တွင် နိုဝင်ဘာ ၁၈ရက်က သံဃာအစည်းအဝေး တစ်ရပ်ကျင်းပ ခဲ့ပြီးနောက် လက်မှတ်ကောက် ခံခြင်းကို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် စီစဉ်လိုက်ခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေးသို့ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်၊ မဟာမြတ်မုနိ ဘုရားကြီး ရေတော် ဆရာတော်၊ ကံတက်ကုန်းကျောင်း တိုက် ဆရာတော်၊ အာရှအလင်းရောင်ကျောင်းတိုက် ဆရာတော်နှင့် သံဃာအချို့တက်ရောက်ခဲ့သည်ဟု ရွှေတောင်ကျောင်းတိုက်(ရန်ကုန်) ဦးသြဘာသက မိန့်သည်။
ထိုသို့ ဆောင်ရွက်နေမှုအပေါ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်တစ်ပါးဖြစ်သည့် ဦးသီရိက “မဟာနာယက ရွေးချယ်တယ် ဆိုတာကလည်း ရွေးချင်တဲ့အချိန် ရွေးလို့ရတာမဟုတ်ဘူး။ သတ်မှတ်ကာ လမှာ ရွေးရတာ” ဟု မဇ္ဈိမကို မိန့်သည်။
“နိုင်ငံတော်သံဃမဟာနာယက သက်တမ်းသည် ပုံမှန်အားဖြင့် ခြောက်နှစ်ဖြစ်သည်။ ခြောက်နှစ်သက် တမ်း နှစ်ကြိမ်ထက်ပို၍ ထမ်းဆောင် ခွင့်မရှိစေရ” ဟု ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေတွင် ပြီးခဲ့သော မေ ၁၃ ရက်က ပဥ္စမအကြိမ်မြောက် ကျင်းပသည့် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးက ဆုံးဖြတ်ထားသည်။
ထို့ကြောင့် လက်ရှိ ဗန်းဗော်ဆရာတော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့သည် လုပ်ထုံး လုပ်နည်းများ အရ သံဃာထု၏ ဆန္ဒနှင့် အညီ အဆင့်ဆင့် ရွေးချယ်ထားခြင်းဖြစ်သ ည်ဟုလည်း ဦးသီရိက မိန့်သည်။
အမျိုးဘာသာ၊ သာသနာ၊ စောင့်ရှောက်ရေး အဖွဲ့(မ.ဘ.သ)ကမူ အဆိုပါလှုပ်ရှားမှုတွင် ပါ၀င်မည်မဟုတ်ဟု ဦးဆောင်အဖွဲ့ဝင်ဖြစ်သည့် မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူက မိန့်သည်။
“မဘသက ဘာသာသာသနာကို ကာကွယ်ဖို့အတွက်ပဲလေ။ ကိုယ့်အချင်းချင်း၊ ကိုယ့်ဘာသာဝင်အချင်းချင်းမှာ မပါဝင်ဘူး။ ကိုယ့်အချင်းချင်း စိတ်ဝမ်းကွဲရမယ့် အလုပ်တွေ မလုပ်ဘူးပေါ့ဗျာ” ဟု ဆရာတော်ကဆိုသည်။
ပဥ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးကြီးတွင် ချမှတ်ထားသည့် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းတွင် “သာသနာတော် တစ်ရပ်လုံးနှင့် သက်ဆိုင်သည့် အရေးကြီးသော သာသနာရေးကိစ္စ ပေါ်ပေါက်လာသည့်အခါ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့၏ ဆုံးဖြတ်ချက်အရ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီးကို အမြန်ဆုံးခေါ်ယူကျင်းပရမည်” ပါရှိသည်။