ပြည်ခရိုင် ရွှေတောင်မြို့နယ်အတွင်း စာသင်ကျောင်း (၁၄) ကျောင်းကို အဆင့်အတန်းမီ၊ အချိန်မီ တည်ဆောက်ပေးခြင်း မရှိသည့်အပြင် ငွေကြေးအရှုပ်အရှင်းများလည်း ရှိနေသည်ဟုဆိုကာ ဆန္ဒပြခံရပြီးနောက် နှစ်ပတ်အကြာတွင် ပဲခူးတိုင်းလွှတ်တော်မှ ကိုယ်စားလှယ် စေလွှတ်စစ်ဆေးနေပြီ ဟု ကျောင်းဆောက်လုပ်ရေး လက်ထောက်တာဝန်ခံ ကိုနိုင်လင်းထွန်းက ပြောသည်။
ယင်းအရေးဖြေရှင်းပေးရန် နိုဝင်ဘာ ၅ ရက်က ကျောင်းဆောက်လုပ်ရေး ကော်မတီအဖွဲ့ဝင်များ အပါအဝင် မြို့ခံလူထု(၁၀၀)ခန့်က ဆန္ဒပြတောင်းဆိုကြခြင်းဖြစ်သည်။
“တိုင်စာသုံးစောင်အတွက် လာစစ်တာခင်ဗျ။ မနေ့ကလဲစစ်တယ်။ ဒီနေ့လဲစစ်တယ်” ဟု ကိုနိုင်လင်းထွန်း ကပြောသည်။
ကျောက်တံခါး၊ အုတ်ဖို၊ သနပ်ပင်၊ ဝေါ၊ မင်းလှ မြို့နယ်ကိုယ်စားပြု တိုင်းလွှတ်တော်အမတ် ၅ ဦး လာရောက်၍ နိုဝင်ဘာ ၁၈၊ ၁၉ ရက်များတွင် ရွှေတောင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ နှစ်ဖက်သက်ဆိုင်သူ တို့ ကို ခေါ်ယူစစ်ဆေးနေခြင်းဖြစ်သည်။
အဆိုပါ စာသင်ကျောင်းတို့ကို ဆောက်လုပ်ရန် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် နိုင်ငံဘဏ္ဍာရန် ပုံငွေမှ ငွေကျပ်သိန်း (၂၇၀၀) ချပေး ထားသော်လည်း အချိန်မီ မပြီးခြင်း၊ အရည်အသွေးလျော့ပေါ့ထားခြင်း တို့ ဖြစ်ပေါ်နေသည်ဟု ကျောင်းဆောက် လုပ်ရေး ကော်မတီဝင် အချို့နှင့် ဒေသခံတို့ကပြောသည်။
ရွှေတောင်မြို့နယ် ပညာရေးမှူး ဒေါ်သန်းသန်းဌေးကမူ “အဲဒီကျောင်းတွေကို ကျွန်မတို့ အပ်ပြီးသွားပါပြီ။ အဆင့်အတန်း မီပါတယ်၊ ငွေကြေး ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မတို့ဆီ တိုင်ထားတာတော့မရှိဘူး” ဟု မဇ္စျိမကို ပြောထားသည်။
တိုင်းလွှတ်တော်သို့ မိဘများပါ၀င်သည့် ကျောင်းဆောက်လုပ်ရေး ကော်မတီဝင်တို့က သတ်မှတ်ချိန်မပြီးခြင်း၊ အရည်အသွေးမမီခြင်းကို တိုင်ကြားခဲ့ပြီး၊ လက်သမားပန်းရံအဖွဲ့က လုပ်ခငွေများမရဟုဆိုကာ တိုင်ကြားထားသည်။ ထို့ပြင် ဆောက်လုပ်ရေး မန်နေဂျာကလည်း ရရှိသည့် ရန်ပုံငွေများကို တိုင်းလွှတ်တော်အမတ်တစ်ဦးထံ ခွဲဝေပေးရသည်ဟု တိုင်ကြားထားသည်။